တောင်ငူကိုအခြေပြု၍ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာနိုင်သည့် နေရာသစ်များ

 

ကိုလွင် (ဆွာ)

 

မြန်မာနိုင်ငံသည် ရေမြေတောတောင်သဘာဝ ရေခံမြေခံကောင်းမွန်ပြီး သာယာလှပ အပန်းဖြေ အနားယူ လည်ပတ်နိုင်သောနေရာများစွာရှိနေ ရာ က္ဘာ့နိုင်ငံအသီးသီးမှ လာရောက်လည်ပတ် သူများအပြင် ပြည်တွင်းခရီးသွားလာသူများ အနေဖြင့်လည်း ယခင်ကထက် ပိုမိုများပြားလာ လျက်ရှိရာ လက်ရှိအထင်ကရ လည်ပတ်နိုင်သော နေရာများအပြင် ခရီးသွားနေရာအသစ်များကို ဖော်ဆောင်ရန် လိုအပ်လျက် ရှိနေပြီဖြစ်သည်။

 

ခရီးသွားလုပ်ငန်းများအတွက် နေရာသစ်များရှိ

 

စာရေးသူတို့ နေထိုင်ရာဒေသသည် တောင်ငူကို ဗဟိုပြုလျက်ရှိရာ တောင်ငူဒေသ၊ သံတောင်ကြီးဒေသ၊ ရေတာရှည်ဒေသ အများ အပြား၌ ခရီးသွားလုပ်ငန်း လုပ်ကိုင်ရန် နေရာ သစ်များစွာ ရှိနေသည်ကို တွေ့ရှိရမည်ဖြစ်သည်။ တောင်ငူမြို့သည် နှစ်ပေါင်း ၅၀၈ နှစ် ပြည့် မြောက်ခဲ့ပြီး သက်တမ်းအားဖြင့် ရှေးနှစ်ပေါင်း များစွာကပင် မင်းအဆက်ဆက် ထီးနန်းစိုက်ခဲ့သော မြို့ ကြီးဖြစ်သည့်အားလျော်စွာ ကြွင်းကျန်ရစ်သော ရှေးဟောင်းအမွေအနှစ်နေရာ များစွာရှိနေသဖြင့် စနစ်တကျ ဖော်ထုတ်ထိန်းသိမ်းနိုင်ပါက ခရီးသွားလုပ်ငန်းအတွက်များစွာ အကျိုးရှိမည် ဖြစ်လေသည်။

 

တောင်ငူမြို့ပတ်ဝန်းကျင်

 

ရွှေဆံတော်ဘုရား၊ မြစည်းခုံဘုရား၊ လေးကျွန်းကန်တော်ကြီးအပြင် အခြားသော ရှေးဟောင်းသမိုင်းဝင်စေတီ များစွာရှိသည့်အပြင် တောင်ငူမြို့ရိုးနှင့် ကျုံးများ၊ ကိုလိုနီ ခေတ်အဆောက်အအုံများ၊ မြို့လေးဝန်းဟုခေါ်ဆိုသော ခံတပ်ကြီးမှာ စိတ်ဝင်စားဖွယ်ကောင်းသည့် နေရာများလည်းဖြစ်သည်။ ထို့အတူ တောင်ငူမြို့မှ အရှေ့ဘက်သို့ ဆက်လက်ထွက်ခွာ သွားရောက်ပါလျှင် တောင်ငူမြို့နယ်၊ သာယာ လှပသော ပသိဆည်တမံ၊ ကရင်ပြည်နယ် သံတောင်မြို့ ၁၃ မိုင်တွင် သဘာဝကျောက် ဆောင်ကျောက်တုံးများအကြား စီးဆင်းနေသည့် ပသိချောင်းအပန်းဖြေစခန်း၊ ဆက်လက်၍ အထက်သို့တောင်ပေါ်လမ်းအတိုင်း ဆက်သွားပါက တိမ်တောင်တိမ်တိုက်များအကြား ထိုးထွက်နေသော လှပသည့် တောင်တန်းများနှင့် သံတောင်ကြီးမြို့ နော်ဘူဘော ဆုတောင်းတောင်တို့ကို လေ့လာလည်ပတ်နိုင်သည့်အပြင် ကိုလိုနီ ခေတ်လက်ရာ အဆောက်အအုံများ၊ လက်ဖက် စိုက်ခင်းများ၊ ရော်ဘာစိုက်ခင်းများ၊ ကျွန်း စိုက်ခင်းများ၊ ဒူးရင်း၊ မင်းကွတ်၊ နာနတ် စိုက်ခင်းများကို တွေ့ရှိရမည့်အပြင် ကရင် တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု လူနေမှုဘဝ ဓလေ့ထုံးစံများကိုပါ မြင်တွေ့ရရှိမည် ဖြစ်လေသည်။

 

ဝါးဖောင်အိမ်လေးများ

 

ထို့အပြင် လူသိနည်းပါးသော နေရာတစ်ခု ရှိနေပါသေးသည်။ အုတ်တွင်းမြို့အနောက် အုတ်တွင်း-ပေါင်းခေါင်း ရိုးမဖြတ်ကျော် ကားလမ်းအတိုင်း ဆက်သွားလျှင် ခပေါင်းဆည်တမံသို့ ရောက်ရှိနိုင်မည်ဖြစ်သည်။ ထိုခပေါင်းဆည်အတွင်း ရေပြင်ပေါ်တွင် ဝါးဖောင်အိမ်လေးများ ဆောက်လုပ်ကာ တံငါလုပ်ငန်းဖြင့် အသက်မွေး ဝမ်းကျောင်းနေကြရသူတို့ လူနေမှုဘဝများမှာ များစွာ စိတ်ဝင်စားစရာကောင်းသလို ထိုလူနေအိမ်လေးများသို့ စက်လှေစီးကာ သွားရောက်လည်ပတ်နိုင်မည့်အပြင် သာယာလှပသော တောတောင်သဘာဝကို လေ့လာ မှတ်တမ်းတင်နိုင်မည်လည်း ဖြစ်သည်။ ထိုအုတ်တွင်း-ပေါက်ခေါင်း ရိုးမဖြတ် ကျော်ကားလမ်းအတိုင်း ဆက်လက်သွားရောက် လျှင် မိုင် ၂၀ ဆင်စခန်းသို့ တောတွင်း လေးမိုင် ခန့်ဝင်ရောက်လျှင် ရောက်ရှိနိုင်ပြီး ဆင်အိုကြီးများ၊ သားထိန်းဆင်၊ လုပ်သားဆင်၊ ဆင်ပေါက်လေးများအား တောတွင်းသဘာဝအတိုင်း မြင်တွေ့လေ့လာခွင့် ရရှိနိုင်မည်ဖြစ်သည်။

 

ဂျပန်စစ်စခန်းဟောင်း

 

ဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့က ရေတာ ရှည်မြို့နယ်အတွင်း နန်ချွန်ကျေးရွာ ဒေသဝန်းကျင်၌ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်စစ်စခန်း ဆောက်လုပ်ခဲ့သော နေရာများ၊ ဘန်ကာများ၊ စစ်လေယာဉ်ကွင်းနေရာများအား ပြန်လည်ဖော်ထုတ်၍ ခရီးသွားလုပ်ငန်းဖွံ့ ဖြိုးတိုးတက်ရန် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်နေပြီဖြစ်ရာ ထိုသို့နေရာများက ပြန်လည်ဖော်ထုတ်နိုင်ပါက များစွာစိတ်ဝင် စားဖွယ်ကောင်းပြီး ဒေသအတွက် အလုပ်အကိုင် အခွင့်အလမ်းများစွာ ပေါ်ထွက်လာနိုင်ဖွယ်ရှိ နေသည်။ တောင်ငူမြို့နယ်အတွင်း ပါဝင်သည့် ကျေးတော၊ နှစ်ဆောင်ပြိုင် ဒေသများမှသည် ရေတာရှည်မြို့နယ် နန်ချွန်ကျေးရွာဝန်းကျင် ဒေသများမှာ ဂျပန်စစ်စခန်းများ ချခဲ့သည့်နေရာ များဖြစ်ကြောင်း ထိုခေတ်အခါက သိမီလိုက်သူများ က ပြောကြားသည်။

 

ပျူမြို့ဟောင်း

 

ရေတာရှည်မြို့နယ်တွင် ခရီးသွားလုပ်ငန်း ဖော်ဆောင်ရန် နေရာအချို့ကိုဆက်လက် ဖော်ဆောင်ပြရလျင် ကျွဲရိုင်းပြင်ကျေးရွာအုပ်စု၊ ကပ်ပယ်ကျေးရွာလမ်းခွဲမှ ဝင်ရောက်ရသော ဂဝံကျောက်တုံးများဆင့်ကာ အကျယ်အဝန်း အားဖြင့် သုံးမိုင်ခန့် မြို့ရိုးအဖြစ် တည်ဆောက်ထား သည့် ပျူမြို့ဟောင်းမှာ တောကြီးမျက်မည်းထဲတွင် လူသူအရောက်အပေါက်နည်းပါး၍ တောများ ဖုံးလွှမ်းလျက်ရှိနေသည်။ ယခုအခါ ရေတာရှည်ကရင်ချောင်း-လိပ်သိုကားလမ်း ကျွဲရိုင်းပြင် စစ်တောင်းမြစ်ကူး တံတားကြီး တည်ဆောက်နေပြီဖြစ်ရာ ထိုတံတားကြီးသာ ပြီးစီးသွားပါက ကျွဲရိုင်းပြင်ကျေးရွာအုပ်စု ရေလွှဲကျေးရွာအထက် ဘက်ရှိ သဘာဝအတိုင်း အရှေ့ဘက်ကျောက် တောင်ကြီးများဆီမှ တိုးဝှေ့စီးဆင်းနေသော ရေလွှဲရေတံခွန်နေရာသည် ယခုထက်ပိုပြီး စည်ကားလာမည်ဖြစ်သည်။

 

ရေလွှဲရေတံခွန်

 

ရေလွှဲရေတံခွန်နေရာသည် သစ်တော ကြိုးဝိုင်းဒေသဖြစ်သည့်အားလျော်စွာ နေရာ ဒေသအလိုက် အပန်းဖြေ စခန်းများ၊ စားသောက် ဆိုင်များ၊ နားနေရန်နေရာများကို အစီအစဉ် ကျကျ ဆောင်ရွက်ရန် လိုအပ်နေသေးပြီး လက်ရှိအားဖြင့် ဒေသခံများက နေရာများကို မိမိတို့ သဘောဖြင့် သတ်မှတ်ကာ တစ်ဆင့်ပြန်လည် ရောင်းချမှုများကိုလည်း သက်ဆိုင်ရာတာဝန်ရှိ သူများက ကွင်းဆင်း စိစစ်သင့်ကြောင်း ကရင်ချောင်းကျေးရွာ ဒေသခံများက ပြောသည်။ ယင်းဒေသသည် ခရိုင်ချင်းဆက် လမ်းဘေးတွင် တည်ရှိနေရာ ခရိုင်ချင်းဆက်လမ်းအတိုင်း လွိုင်ကော်-တောင်ငူကားလမ်းသို့ ပြန်တက်၍ သံတောင်မြို့သို့လည်း ဆက်လက်သွားရောက် နိုင်မည် ဖြစ်သည်။

 

mdn

 

ဖိုးကျားအပန်းဖြေဆင်စခန်း

 

အခြားသော အပန်းဖြေနေရာ တစ်ခုဖြစ်သော သာဂရ-ကိုးပင်ရိုးမ ဖြတ်ကျော် ကားလမ်း ၁၀ မိုင်ရှိ ဖိုးကျားအပန်းဖြေဆင်စခန်းဖြစ်သည်။ သာဂရမြို့ ဆင်နှစ်ကောင်လမ်းခွဲမှ ဝင်ရောက်ရပြီး နေပြည်တော်-ရန်ကုန် အမြန်လမ်းမှဆိုလျှင် မိုင်တိုင် ၁၇၄ မှ ဝင်ရောက်နိုင်မည် ဖြစ်သည်။ ဖိုးကျားအပန်းဖြေဆင်စခန်းကို ၂၀ဝ၅ ခုနှစ် ကတည်းက မြန်မာ့သစ်လုပ်ငန်းမှ ဦးစီး၍ ဖွင့်လှစ်ထားခြင်းဖြစ်ကာ ဆင်ပြကွက်များ၊ သိုင်းချောင်းအတွင်း ဆင်များရေချိုးပေးခြင်းတို့ကို လေ့လာနိုင်ပြီး တောင်ပေါ်လမ်းအတိုင်း ဆင်များစီး၍ အပန်းဖြေနိုင်သည့်အပြင် အမျိုးစုံလှသော ငှက်များကိုလည်း လေ့လာကြည့်ရှုနိုင်မည်ဖြစ်သည်။ ထိုဆင်စခန်းမှ အနောက်ဘက်သို့ ဆက် သွားမည်ဆိုလျှင် မိုင်တိုင် ၁၃ မှ လမ်း ယာဘက် တောတွင်းသို့ နှစ်မိုင်ခန့်ဆက်သွားလျှင် ကွေ့ဝိုက် စီးဆင်းလျက်ရှိသော သိုင်းချောင်းနှင့် သိုင်းချောင်းဆင်စခန်းကို အပေါ်စီးမှ လှပစွာမြင်တွေ့နိုင်ပြီး ထိုဆင်စခန်း၌ ဆင်အိုဆင်နာများ၊ သားထိန်းဆင်များ၊ ဝန်တင်လုပ်သားဆင်များ၊ ဆင်ပေါက်လေးများနှင့် ဆင်ဦးစီးတို့၏ လူနေမှုဘဝများကို လေ့လာနိုင်မည်ဖြစ်ပါကြောင်း ခရီးသွားနေရာသစ်များ ပေါ်ပေါက်နိုင်ရေးအတွက် လက်လှမ်းမီသရွေ့ တင်ပြလိုက်ရခြင်းဖြစ်ပါသည်။

 

မြန်မာ့အလင်း