တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ စွမ်းဆောင်ရည် မြှင့်တင်ရေး သင်တန်းဖွင့်ပွဲ ကျင်းပ

နေပြည်တော် ၂၂ ဇန်နဝါရီ   


တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ စွမ်းဆောင်ရည် မြှင့်တင်ရေး သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အခမ်းအနားသို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ ဒုတိယဝန်ကြီး ဦးလှမော်ဦး၊ တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုနှင့် ဝန်ဆောင်မှုရေးရာ ကော်မတီအဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်း အတွင်း ဝန်၊ သင်တန်းနည်းပြ ဆရာ၊ ဆရာမများနှင့် သင်တန်းသူသင်တန်းသားများ တက်ရောက်ကြသည်။ 

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးကမြန်မာနိုင်ငံသည် တိုင်းရင်းသားမျိုးနွယ်စုပေါင်း (၁၃၀)ကျော် ပေါင်းစည်းနေထိုင်ကြပြီးနိုင်ငံ၏ နေရာဒေသအသီးသီးတွင် ပျံ့နှံ့နေထိုင်လျက်ရှိရာ တိုင်းရင်းသား လူမျိုးများ၏ သမိုင်းအရ၊ ယဉ်ကျေးမှု အနုပညာအရပါ တန်ဖိုးကြီးမားသည့် ရှေးဟောင်း အထိမ်းအမှတ် အဆောက်အအုံ၊ နေရာ၊ ဝတ္ထုပစ္စည်းစသည့် ဒြပ်ရှိဒြပ်မဲ့ ယဉ်ကျေးမှုအမွေ အနှစ်များ သည်လည်းနိုင်ငံ၏ နေရာဒေသအနှံ့အပြားတွင် များစွာတည်ရှိနေ ပါကြောင်း၊ ယနေ့ကျင်းပပြုလုပ်သည့် သင်တန်းသည် တိုင်းရင်းသားလူမျိုးများ၏ ဘာသာစကား၊ အတွေးအခေါ်၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့နှင့် ပွဲတော်များစသည့် ထိတွေ့ကိုင်တွယ်မရသည့် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းခြင်း၊ ကာကွယ်စောင့်ရှောက်ခြင်းနှင့် ကမ္ဘာ့ဒြပ်မဲ့ ယဉ်ကျေး မှုအမွေအနှစ် စာရင်းသို့ တင်သွင်းခြင်းဆိုင်ရာ လုပ်ငန်းစဉ်နှင့် လုပ်ထုံးလုပ်နည်းများကို သိရှိနားလည်ပြီး ပြန်လည် အသုံးချနိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အနေဖြင့် တိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်နိုင်ရေး အတွက်ဝန်ကြီးဌာန၏ မူဝါဒ(၄)ရပ်တွင် မူဝါဒတစ်ရပ်အနေဖြင့် ချမှတ်ဆောင်ရွက်လျက်ရှိပါ ကြောင်း။


ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းစာရင်းပြုစုဆောင်ရွက်ခြင်းဖြင့် တိုင်းရင်းသား အသီးသီး၏ စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများကို အချင်းချင်းနားလည် သဘောပေါက်ကြပြီး ချစ်ကြည်ရင်းနှီးမှုကို ပိုမိုတိုးတက် ဖြစ်ပေါ်လာစေမည် ဖြစ်ပါကြောင်း၊ လူမျိုးတစ်မျိုးနှင့်တစ်မျိုးနားလည် ချစ်ကြည်လာပါက မိမိတို့ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာမှုရှိလာမည်ဖြစ်ပြီး နိုင်ငံတော်ကမျှော်မှန်း ထားသည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်သည့်နေရာတွင် များစွာအထောက် အကူပြုစေမည်လည်း ဖြစ်ပါကြောင်း၊ ကမ္ဘာ့နိုင်ငံများအနေဖြင့်လည်း ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် များကို အရေးကြီးသော အခန်းကဏ္ဍတစ်ခုအဖြစ် ထိန်းသိမ်းဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံအနေ ဖြင့်လည်း နိုင်ငံ၏ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်တည်ရှိမှုနှင့် ထိန်းသိမ်းစောင့်ရှောက်မှုများတွင် အလေးထား တန်ဖိုးထားမှုများနှင့် နိုင်ငံတကာအသိအမှတ်ပြုမှုများရရှိလာစေရန် ၂၀၁၄ ခုနှစ်တွင် ကမ္ဘာ့ကုလသမဂ္ဂ၊ ပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုဆိုင်ရာအဖွဲ့ UNESCO ၏ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအ နှစ်များအား ကာကွယ်စောင့် ရှောက်ရေးကွန်ဗင်းရှင်းတွင်ပါဝင် လက်မှတ်ရေးထိုးခဲ့ပြီး ကွန်ဗင်းရှင်း ဝင်နိုင်ငံဖြစ်သည်နှင့် အညီဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်များအား ကာကွယ်စောင့်ရှောက်ရေးနှင့် သတ်မှတ် ဖော်ထုတ်ရေး ကိစ္စရပ်များကို ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း။


မိမိတို့၏ယဉ်ကျေးမှု အမွေအနှစ်များကို စာရင်းတင်သွင်း ဖော်ပြမှုမရှိပါက အိမ်နီးချင်း နိုင်ငံအချို့၏ မွေးစားမှု၊ အသွင်ပြောင်း ယူငင်မှု များရှိလာနိုင်သည့်အပြင် မိမိတို့၏ ယဉ်ကျေးမှုအမွေ အနှစ်များကိုထိန်းသိမ်းစောင့်ရှောက်ခြင်းမပြုပါက အချိန်ကာလ၏ တိုက်စားမှုအောက်တွင် တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားနိုင်ပါကြောင်း၊ ယဉ်ကျေးမှုပျောက်ကွယ်ပါက လူမျိုးပါပျောက်ကွယ်သွားနိုင်သ ဖြင့် မိမိတို့ တိုင်းရင်းသားလူမျိုးများ၏ ကြွယ်ဝလှသည့် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များကို သိမြင် နားလည်ပြီး တန်ဖိုးထားစာရင်းပြုစုခြင်း၊ မှတ်တမ်းတင်ခြင်းများကို အကောင်အထည်ဖော်ဆောင် ရွက်ရန်၊ သင်တန်းမှ ရရှိလာသောအသိပညာ၊ ဗဟုသုတများကို ပြည်သူလူထုအတွင်းသို့ လက်ဆင့် ကမ်းမျှဝေရန်နှင့် မိမိတို့ တိုင်းရင်းသားလူမျိုးများ၏ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များကို ရေရှည် ရှင်သန်တည်တံ့နိုင်အောင် ထိန်းသိမ်းစောင့်ရှောက်သည့် လုပ်ငန်းစဉ်များတွင် လက်တွေ့အသုံးချရ မည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားသည်။


ဆက်လက်၍ သာသနာရေးနှင့်ယဉ်ကျေးမှဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးရဲမြတ်အောင်က ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်၏ အဓိပ္ပါယ်၊ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းတွင် ဟောပြောပို့ချမည့် အကြောင်း အရာများ၊ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ထိန်းသိမ်းမြှင့်တင်ရေးမူဘောင်များနှင့် မြန်မာနိင်ငံ အမျိုး သားဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် တိုးတက်မြှင့်တင်ရေးကော်မတီ၏ လုပ်ငန်းဆောင် ရွက်မှုများအား ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေးသည်။ 


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အခမ်းအနား တက်ရောက်လာသူများနှင့် တိုင်းရင်းသား လူမျိုးများ ရေးရာဝန်ကြီးဌာန၌ ခင်းကျင်းပြသထားသည့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုနှင့် ဝတ်စား ဆင်ယင်မှု ပြခန်းများ၊ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် စပ်လျဉ်း၍ ခင်းကျင်းပြသထားသည့် တိုင်းရင်းသား ဓာတ်ပုံများအား လှည့်လည်ကြည့်ရှုကြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများ၊ သင်တန်းနည်ပြများ၊ သင်တန်းသူ သင်တန်းသားများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကြသည်။ ယခုဖွင့်လှစ်သည့် သင်တန်းသည် ဇန်နဝါရီ ၂၂ ရက်မှ ၂၄ ရက်ထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။


(သတင်းစဉ်)