တိုးတက်ဖွံ့ဖြိုးရေးနှင့် ညီညွတ်ရေး

mdn

နေပြည်တော် ၂၀ ဇန်နဝါရီ

 

မြန်မာနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံးနိုင်ငံ၊ ဆင်းရဲမှုကို ကျော်လွှားနိုင်ရန် ရင်ဆိုင်ရုန်းကန်နေရသည့်နိုင်ငံ တစ်နိုင်ငံဖြစ်ပါသည်။ ဤသည်ကအမှန်တရားကို တည့်တည့်ရှု မြင်လျှင် မြင်သာထင်သာရှိပြီး ဖြစ်ပါသည်။ 

 

အတိတ်ခေတ်ကာလတစ်ခုတွင် တိုင်းပြည်ကို အတော်အဆင့်မြင့်မားအောင် တည်ထောင်နိုင်ခဲ့ဖူး၊ အာရှတစ်လွှားမှာ အောင်မြင်တိုးတက်သော နိုင်ငံအဖြစ် မော်ကြွားနိုင်ခဲ့ဖူးသည်ဟု ဆိုရသော်လည်း ယင်းအောင်မြင်မှုတို့ တစ်စစ ပျောက်ကွယ်သွားခဲ့ရသည်ကပင် အနှစ် ၅၀ ကျော်ခဲ့ပြီ။ 

 

မြန်မာနိုင်ငံအဖို့ ဆင်းရဲမှုပြဿနာက ကြီးမားလှစွာသော ပြဿနာဟု ဆိုရပါမည်။ ထိုမျှသာမက နိုင်ငံသားတို့ကြား ဆင်းရဲချမ်းသာ ကွာဟမှုမြင့်မြင့်မားမား ကွာခြားနေခြင်းကလည်း ပို၍ပို၍ ကြီးမားသောပြဿနာဖြစ်ပါသည်။ ဆင်းရဲသူတို့က အလွန်ဆင်းရဲနေချိန်တွင် ကြွယ်ဝသူတို့၏ စည်းစိမ်ဥစ္စာများက အံ့မခန်း။ 

 

ပြည်သူအများစုမှာ နေ့စဉ် စားဝတ်နေရေး ပြေလည်ရေး လူမှုနေ့စဉ်ဘဝလုံခြုံရေးအတွက်ကိုပင် ရုန်းကန်နေရပါသည်။ ဒါကို ပြည်သူ့အစိုးရ တာဝန်ယူချိန်ကစ၍ စီးပွားရေးရာ ပြဿနာများကို ဖြေရှင်းရန်ကြိုးစားနေခဲ့သည်။ စီးပွားရေးပြန်လည်ထူထောင်နိုင်ရေး၊ ဆင်းရဲချမ်းသာကွာဟမှု လျှော့ချနိုင်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုများပြားလာရေး။

 

မြန်မာ့စီးပွားရေး ပြန်လည်ဦးမော့လာရေးတွင် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများက အရေးကြီးသောနေရာတွင် ရှိနေသည်ဆိုခြင်းက အများစုနားလည်ထားပြီးသား ဖြစ်ပါသည်။ ဒီမိုကရေစီအစိုးရ အုပ်ချုပ်ရေးတာဝန်ယူပြီဆိုလျှင် နိုင်ငံတကာကလည်း အကူအညီများပေးရန် ပြင်ဆင်ထားကြပြီးဖြစ်သည်။ စီးပွားရေးအရ ရင်းနှီးမြှုပ်နှံမှုများဆိုသည်ကမူ ခိုင်မာသည့် နိုင်ငံ၏ နိုင်ငံရေးအနေအထား၊ စီးပွားရေးပတ်ဝန်းကျင် အထောက်အပံ့တို့အပေါ်တွင် များစွာမူတည်နေသည်။

 

နိုင်ငံသားအများစု ခံစားနေကြရသည့် လက်နက်ကိုင်ပဋိပက္ခများက ရရှိသော အကျပ် အတည်းများထဲတွင် နိုင်ငံရေးမတည်ငြိမ်မှု၊ စီးပွားရေးဆိုင်ရာ အခြေခံအဆောက်အအုံ ထူထောင်ရေးနှင့် အားရကျေနပ်လောက်သည့် ဝန်းကျင်အထောက်အပံ့တို့ကို တည်ဆောက်ရခက်ခဲမှု များလည်းပါသည်ဟု ဆိုရပါမည်။

 

ပဋိပက္ခများကြားတွင် နိုင်ငံရေးတည်ငြိမ်မှုကို တည်ဆောက်ရန်ခက်ခဲနေရသည်မှာ လက်ရှိအနေ အထား ဖြစ်ပါသည်။ ထို့အတူ နိုင်ငံရေးတည်ငြိမ်မှုနှင့် ဆက်စပ်ပတ်သက်နေသည့် စီးပွားရေး အခြေခံအဆောက်အအုံများ တည်ဆောက်ရန် မည်မျှခက်ခဲနေသည် ဆိုခြင်းကလည်း အထင်အရှားဖြစ်ပါသည်။ ထို့ကြောင့်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ လာနေသည်ဆိုသော်လည်း အရှိန်အဟုန်နှင့် မြင့်မားလာခြင်းမျိုးက ခက်ခဲနေမည်ဟု ယူဆပါသည်။

 

ငြိမ်းချမ်းရေးပြဿနာဖြေရှင်းရေး အခြေခံကလည်း နိုင်ငံရေးအင်အားစုများ ညီညွတ်ရေး၊ တိုင်းရင်းသား ပြည်ထောင်စုသားများစည်းလုံးမှုရှိရေးတို့ပေါ်တွင် များစွာမူတည်နေသည်မှာ အမှန်တရားဖြစ်ပါသည်။

 

ထိုသို့သော အကြောင်းခြင်းရာတို့အားလျော်စွာ စစ်မှန်သည့် ငြိမ်းချမ်းရေး တည်ဆောက်နိုင်ကြရန်နှင့် စစ်ပွဲများ ရပ်စဲနိုင်ကြရန်အလို့ငှာ နိုင်ငံရေးအင်အားစုများအားလုံး၏ ညှိနှိုင်းပူးပေါင်းဆောင်ရွက် လိုသော နိုင်ငံရေးရင့်ကျက်သည့် သဘောထား၊ ပြည်ထောင်စုသားပြည်သူများ၏အကျိုးကို အမှန်တကယ်လိုလားသည့် စိတ်စေတနာတို့နှင့်အတူ မြန်မာ့လွတ်လပ်ရေး၏ အရင်းအမြစ် တစ်ခုဖြစ်ခဲ့သည့် ပင်လုံညီလာခံကြီးက စတင်အခြေတည်ခဲ့သော ပြည်ထောင်စု ညီညွတ်ရေး စိတ်ဓာတ်ကို ရှင်သန်ဖွံ့ ဖြိုး မြင့်မားလာအောင် ကြိုးပမ်းကြပါစေလိုကြောင်း။ ။

 

မြန်မာ့အလင်း