တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များမှ ပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီးများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ၁၁  ဇန်နဝါရီ

ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနမှ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များမှ ပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီးများ၏ လုပ်ငန်းညှိနှိုင်း အစည်းဝေးကို ယနေ့နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက  အရည်အသွေးပြည့်ဝသော ဆရာ၊ ဆရာမများ ဖြည့်ဆည်းနိုင်ရေးအတွက် ဆရာ၊ ဆရာမများ ပြုစုပျိုးထောင်ပေးရာတွင် မွမ်းမံ သင်တန်းများနှင့် တစ်သက်တာ သင်ကြားသင်ယူလေ့ကျင့်ရေး အစီအစဉ်များဖြင့် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ဘာသာရပ်အလိုက် လက်တွေ့ ဒေသအကျိုး၊ နိုင်ငံအကျိုး ရရှိမည့် သုတေသနလုပ်ငန်းများ ဆောင်ရွက်၍ သုတေသနစာတမ်း ဖတ်ကြားခြင်း၊ သုတေသန ဂျာနယ်များတွင် စာတမ်းများ ရေးသားပြုစုခြင်းတို့ကို ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ဆရာ ဆရာမ လိုအပ်ချက်ဖြည့်ဆည်းရာတွင် တစ်ဘာသာချင်းအလိုက် တက္ကသိုလ်များကို နှိုင်းယှဉ်၍ လိုအပ်ချက်အရ စိစစ်သုံးသပ်တင်ပြရန်လိုပါကြောင်း၊

 

mdn

 

တက္ကသိုလ်များတွင် လက်တွေ့နယ်ပယ်နှင့်နီးစပ်သော ဘွဲ့သင်တန်းအစီအစဉ်များ၊ သင်ရိုးညွှန်းတမ်းများ၊ လက်တွေ့အခြေပြု သင်ယူခြင်းများ ပြုလုပ်ဆောင်ရွက်ကြရန်နှင့်  တက္ကသိုလ်ပဋိညာဉ် စာတမ်း အတည်မပြုသေးမီကာလတွင် ဘာသာရပ်ဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့များဖွဲ့စည်းခြင်း၊ တက္ကသိုလ်ကောင်စီ ဖွဲ့စည်း ဆောင်ရွက်ခြင်းနှင့် ရုံးလုပ်ငန်းတာဝန်များ၊ စီမံခန့်ခွဲမှုနှင့် စီမံကိန်း လုပ်ငန်းများ ကျွမ်းကျင်ရေး၊ အင်္ဂလိပ်စာအရည်အသွေး ကောင်းမွန်ရေးနှင့် အိုင်စီတီနည်းပညာ ကျွမ်းကျင်ရေး အမြဲမပြတ် ကြိုးပမ်းဆောင်ရွက်နေရန်လိုကြောင်း။

ကျောင်းသား၊ ကျောင်းသူများကို စာမေးပွဲရမှတ် များများရရှိရေးထက် စိတ်ကောင်းရှိရန်၊ အလွတ်ကျက်မှတ်သင်ယူခြင်းမှ စဉ်းစားတွေးခေါ်မှုကို အားပေး၍ သင်ယူပြီးရင်း သင်ယူနိုင်ရန်၊ နက်နက်နဲနဲ သင်ယူနိုင်ရန်နှင့် တစ်သက်တာ သင်ယူလေ့ကျင့်နိုင်ရန်အတွက်  ကူးပြောင်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊

ပညာရေးကောလိပ်များကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှစတင်၍ ပညာရေးဒီဂရီကောလိပ်များအဖြစ် အဆင့်မြှင့်တင်သွားမည်ဖြစ်ပြီး လွိုင်ကော်တက္ကသိုလ်၊ ဘားအံတက္ကသိုလ်နှင့် ဟာခါးကောလိပ်များတွင် ဥပဒေပညာ ဘွဲ့ကြိုသင်တန်းများ ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း၊ ကျောင်းသားကျောင်းသူများကို ဒေသအကျိုး၊ နိုင်ငံအကျိုး ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုနိုင်မည့် ဆန်းသစ်တီထွင် ဖန်တီးနိုင်စွမ်းရှိသော ဘွဲ့ရလူငယ်မောင်မယ်များ ဖြစ်စေရန် ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်ကြရ မည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက အမှာစကားပြောကြားပြီး တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များမှ ပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူများက မိမိတို့၏ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်အလိုက် ဆောင်ရွက်နေမှုများကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက  တင်ပြချက်များအပေါ် ဆွေးနွေးညှိနှိုင်းပေးကြသည်။

(သတင်းစဉ်)

 

mdn