တရားမဝင် သယ်ဆောင်လာသည့် သစ်  ၈၇ ဒသမ ၁၀၂၀ တန် ဖမ်းမိ

နေပြည်တော် ၁၁  ဇန်နဝါရီ

တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ဖော်ထုတ်ဖမ်းဆီးရေးအား နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ပြည်သူ ပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ်အရ တာဝန်သိပြည်သူများမှ ပေးပို့သော သတင်းများအပေါ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှုးချုပ်က အထူးအဖွဲ့များ ဖွဲ့စည်း၍ ကွင်းဆင်းစစ်ဆေးဖော် ထုတ်ဖမ်းဆီးခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

ထိုကဲ့သို့ဆောင်ရွက်ရှိရာတွင် စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ၊ နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များ၊ သစ်တော လုံခြုံရေး တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧရာဝတီမြစ်အတွင်း တရားမဝင် ဖမ်းဆီးရေးဆောင်ရွက်ခဲ့ရာ ဇန်နဝါရီ ၉ ရက်က ကသာမြို့နယ်၊ ညောင်ခြေထောက်ကျေးရွာ အထက် ၁မိုင်ခန့်အကွာတွင် ဖောင်တွဲ ၁၁ တွဲ၊ ရေဘုတ်ကျေးရွာ တစ်ဖက်ကမ်းတွင် ​ဖောင်တွဲ ၂ တွဲ  ပေါင်း (၁၃) တွဲတွေ့ရှိပြီး  ၄င်းဖောင်တွဲများမှ ကညင်သစ်လုံး စုစုပေါင်း (၁၃၅) လုံး၊ ၈၇ ဒသမ ၁၀၂၀ တန် အားဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် ဖောင်တွဲများအနက် ဖောင်တွဲ(၁၁)တွဲ၏ ပိုင်ရှင်မှာ ဦးနေလင်းအောင်နှင့် ဦးရဲလင်းအောင်တို့ဖြစ်ပြီး ကင်းရွာ၊ စစ်ကိုင်းမြို့ နေထိုင်သူများဖြစ်သည်။ ဖောင်တွဲ(၂)တွဲ ၏ပိုင်ရှင်မှာ ဦးဇော်ဝင်း (နေရပ်စုံစမ်းဆဲ) တို့ဖြစ်ပြီး ၄င်းတို့အား အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သန်းဦး(လေးမျက်နှာ)