တူရကီက ဆီးရီးယားရှိ ကာဒ်များကိုတိုက်ခိုက်ပါက အမေရိကန်က လက်တုံ့ပြန်မည်ဟု ထရန့် ပြော

၁၅ ဇန်နဝါရီ

ဆီးရီးယားနိုင်ငံရှိ အမေရိကန်မဟာမိတ် ကာ့ဒ်တိုက်ခိုက်ရေးသမားများအပေါ် တူရကီတပ်ဖွဲ့များက တိုက်ခိုက်လာမည်ဆိုလျှင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ စီးပွားရေးကို ထိခိုက်အောင်လုပ်မည်ဟု တူရကီနိုင်ငံက ပြတ်ပြတ်သားသား တုံ့ပြန်လိုက်သည်။

ပြီးခဲ့သည့်လက ဆီးရီးယားနိုင်ငံရှိ အမေရိကန်တပ်များကို ရုပ်သိမ်းမည့် အစီအစဉ်များကို ဒေါ်နယ်ထရန့်က ကြေညာပြီးနောက် ဝိုင်ဂျီပီ စစ်သွေးကြွအုပ်စုများကို တိုက်ခိုက်မည်ဖြစ်ကြောင်း တူရကီက အရိပ်အမြွက် ပြောကြားခဲ့သည်။ တူရကီနိုင်ငံမှာ အိုင်အက်စ်စစ်သွေးကြွများ တိုက်ခိုက်ရေးတွင် အမေရိကန်ပြည်ထောင်စု၏ မဟာမိတ်တစ်နိုင်ငံဖြစ်သော်လည်း တူရကီနိုင်ငံက အဆိုပါ ဝိုင်ဂျီပီအုပ်စုကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားသည်။

တူရကီနိုင်ငံက ကာဒ်များကိုတိုက်ခိုက်ပါလျှင် အမေရိကန်ပြည်ထောင်စုက တူရကီနိုင်ငံအပေါ် စီးပွားရေးအရ တစ်စစီ ဖျက်ဆီးပစ်မည်ဟု ထရန့်က တနင်္ဂနွေနေ့တွင် တွစ်တာပေါ်၌ ရေးသားခဲ့သည်။

တူရကီနိုင်ငံက မည်သည့်ခြိမ်းခြောက်မှုကိုမျှ မကြောက်ရွံ့ကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီး မယ်ဗလပ်ကာ ဆိုဂလူက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ တူရကီနိုင်ငံအပေါ် စီးပွားရေးအရ ခြိမ်းခြောက်မှုပြုလုပ်လျှင် မည်သည့်အရာမျှ အောင်မြင်မည်မဟုတ်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

တူရကီနိုင်ငံ၏ရည်မှန်းချက်မှာ အကြမ်းဖက်သမားများကို တိုက်ခိုက်ချေမှုန်းရန်ဖြစ်ကြောင်း တူရကီသမ္မတ ရီစက်တေယက်အားဒိုဂန်က အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် ယမန်နေ့ကပြုလုပ်သည့် ဖုန်းပြောဆိုမှုအတွင်း ပြောကြားခဲ့သည်။  

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်

 

mdn