တယ်ပင်ဆိပ်အထက ပညာရေးစုံညီပွဲတော်တွင် ထူးချွန်ဆုပေါင်း ၁၆၀ ကျော် ပေးအပ်ချီးမြှင့်

အမာ  ၂၁  ဇန်နဝါရီ     
                                                                                               

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် အမာမြို့ တယ်ပင်ဆိပ်ကျေးရွာ အခြေခံပညာရေးအထက်တန်းကျောင်း၏ ပညာရည်ချွန်ဆုပေးပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ပြီး ပညာရေးစုံညီပွဲတော် ပဒေသာကပွဲကို ည ၇ နာရီအချိန်မှ စတင်ကျင်းပခဲ့ကြောင်း သိရသည်။

 


ပညာရည်ချွန်ဆုပေးပွဲသို့ ဖိတ်ကြားထားသည့် ဧည့်သည်များ ကျောင်းသားမိဘများ ကျောင်းသားများ တက်ရောက်ခဲ့ပြီး ကျောင်းအုပ်ဆရာကြီး ဦးအောင်ကျော်စိုးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြညိမ်းတို့က အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။


ထို့နောက် ထူးချွန်ဆုများရရှိသော ကျောင်းသား(၁၆၇)ဦးအား တက်ရောက်လာသူများနှင့် ဆရာဆရာမများမှ ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။ ပညာရေးစုံညီပွဲတော်ကို ည ၇ နာရီမှစတင်ကျင်းပရာ ကျောင်းသား ကလေးငယ်များ၏ ချစ်စဖွယ်အကများ ယိမ်းများ တိုင်းရင်းသားတေးသီချင်းသရုပ်ဖေါ်များဖြင့် သီဆိုကပြ ခဲ့ကြကြောင်း သိရသည်။ ကျောင်းသားလေးများ၏ ပဒေသာကပွဲကို ရွာလုံးကျွတ်စည်ကားစွာ လာရောက် ကြည့်ရှုခဲ့ကြောင်းနှင့် ည ၁၁ နာရီမှ ပြီးဆုံးခဲ့ကြောင်း သိရှိရသည်။


ဝင်းမြင့်အောင်(ပြန်/ဆက်)

 

ာိည