ဥရောပသမဂ္ဂရွေးကောက်ပွဲအတွက် ပြင်သစ်လက်ယာစွန်းရောက်ပါတီ မဲဆွယ်စည်းရုံးမှု စတင်ပြုလုပ်   

ပါရီ ၁၅  ဇန်နဝါရီ

၂၀၁၉ ခုနှစ်အတွက် ဥရောပသမဂ္ဂ၏ လွှတ်တော်ရွေးကောက်ပွဲ အတွက် ပြင်သစ်လက်ယာစွန်းရောက်ပါတီတစ်ခုက မဲဆွယ် စည်းရုံးမှုများ စတင် လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။

ယင်းပါတီသည် ဥရောပသမဂ္ဂ၌ လုပ်ပိုင်ခွင့်အာဏာကို ပြန်လည်ရယူမည်ဟု အလေးအနက် ပြောကြားခဲ့သည်။မေလ တွင်ကျင်းပမည့် အဆိုပါရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြ မည့် ကိုယ်စားလှယ်လောင်း ၁၂ ဦးတို့၏ အမည်စာရင်းများကို National Rally  ပါတီ ခေါင်းဆောင် မာရိန်းလီပန်က တနင်္ဂနွေနေ့တွင် ကြေညာခဲ့သည်။

မာရိန်းလီပန်က ၎င်း၏ပါတီသည် ဥရောပသမဂ္ဂ၌ ဥပဒေပြုရေးနှင့် အခွင့်အာဏာပြန်လည်ထိန်းချုပ်နိုင်ရေး ဦးတည်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကတိပေးအပ်ခဲ့သည်။ မာရိန်း၏ ပါတီသည် ပြင်သစ်နှင့် ဥရောပတို့ရှိ လူသန်းပေါင်း ၅၀ဝအတွက် လွတ်လပ်စွာဆုံးဖြတ်ပိုင်ခွင့်ကို ပြန်လည်ရရှိအောင် ကြိုးပမ်းမည်ဖြစ်ကြောင်း ၎င်းက ပြောခဲ့သည်။

ဥရောပသမဂ္ဂ၏ အခန်းကဏ္ဍကို ခိုင်မာစေရေး ကြိုးပမ်းနေသည့် ပြင်သစ်သမ္မတ အီမန်နျူရယ်လ် မက်ခရွန်နှင့် သဘောထားမတိုက်ဆိုင်မှုကိုလည်း ၎င်းက ထုတ်ဖော်ပြောကြားခဲ့သည်။ ပြီးခဲ့သည့်လအတွင်းက ပြုလုပ်ခဲ့သည့် သဘောထား ကောက်ခံမှုတစ်ခုတွင် ဖြေကြားသူများ၏ ၂၄ ရာခိုင်နှုန်းသည် မာရိန်းလီပန်၏ ပါတီကိုမဲပေးနိုင်သည့် အခြေအနေကို တွေ့ရကြောင်း သိရသည်။ သမ္မတ မက်ခရွန်၏ Republic on the Move  ပါတီကို ထောက်ခံသူ ၁၈ ရာခိုင်နှုန်းရှိကြောင်း ဖော်ပြခဲ့သည်။

အင်န်အိတ်ချ်ကေ