The Voice Myanmar သီချင်းဆိုပြိုင်ပွဲ Season (2)  ကို စည်းကမ်းသစ်များဖြင့် ကျင်းပမည်

 

မန်မာနိုင်ငံ၏ အောင်မြင်ပြီး လူသိအများဆုံး သီချင်းဆိုပြိုင်ပွဲများထဲမှ တစ်ခုဖြစ်သည့် The Voice Myanmar  သီချင်းဆို ပြိုင်ပွဲ Season (2)   ကို ယခု ဇန်နဝါရီလထဲတွင် စည်းကမ်း အသစ်များဖြင့် ပြန်လည်စတင်ကျင်းပသွားမည်ဟု သိရသည်။ သီချင်းဆိုပြိုင်ပွဲအတွက် ၂၀၁၈ စက်တင်ဘာလမှ စတင်ကာ အွန်လိုင်းမှတစ်ဆင့် ပြိုင်ပွဲဝင်များကို ခေါ်ယူခဲ့ပြီး တေးရေးဆရာ စောခူဆဲလ်နှင့် Big Bag Band  တို့ ပူးပေါင်း၍ လူတွေ့ စစ်ဆေးမှု(Blind Audition)အဖြစ် အယောက် ၁၀ဝ ကို ရွေးချယ်ခဲ့ကြောင်း သိရသည်။

အဆင့်ဆင့် ရွေးချယ်လာတဲ့ ပြိုင်ပွဲဝင်တွေထဲကနေ တစ်ဖွဲ့မှာ လေးဦးစီနဲ့ ၁၆ ဦးကို အဖွဲ့တစ်ဖွဲ့ချင်းထဲကနေ တစ်ဦးစီ ယှဉ်ပြိုင်ရမှာပေါ့နော်၊ Live Show ပထမပတ်မှာကို Coach  နှစ်ဦးနဲ့ group ပြိုင်ပွဲဝင် လေးဦးစီ ယှဉ်ပြိုင်မယ်၊ အဲဒီထဲကနေ နှစ်ဦးစီ နုတ်ထွက်ရမှာပေါ့နော်၊ အဲလိုနဲ့ တစ်ဆင့်ပြီးတစ်ဆင့် ရွေးချယ်သွားရာကနေ The Voice Myanmar ရဲ့ Winner တစ်ဦးကို ရွေးချယ်သွားမှာပါ” ဟု Forever Bec-Tero  မှ Production Manager ကိုရဲမျိုးထက်က ပြောသည်။

ပြိုင်ပွဲတွင် ယှဉ်ပြိုင်သူများအနေဖြင့် ပထမအဆင့်အဖြစ် စင်ပေါ်တွင် အသံတစ်ခုတည်းဖြင့် ဒိုင်များနှစ်သက်လာအောင် သီဆိုနိုင်ရမည်ဖြစ်ပြီး ဒိုင်များက ကျောပေးထိုင်နေလျက် ပြိုင်ပွဲ ဝင်သူ သီဆိုသည့် အချိန် နှစ်မိနစ်အတွင်း သဘောကျ နှစ်သက် သူအား ခုံလှည့်ရွေးချယ်သောစနစ်ကို စီစဉ်ထားကြောင်း၊ ဒုတိယ အနေဖြင့် ပြိုင်ပွဲဝင်များသည် မိမိ၏အဖွဲ့က အခြားအဖွဲ့နှင့် သီချင်းတစ်ပုဒ်တည်းကို သီဆိုယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း၊ ယခု နှစ်တွင် စည်းမျဉ်းအသစ်တစ်ခုအဖြစ် Steal ဟု ခေါ်သော အဆင့်အသစ်တစ်ခု ပါဝင်လာမည်ဖြစ်ပြီး ဒိုင်များက မိမိအဖွဲ့မှ ပြိုင်ပွဲဝင်ခြောက်ဦးအပြင် အခြားအဖွဲ့မှ နှစ်သက် သော ပြိုင်ပွဲဝင်နှစ်ဦးကို မိမိအသင်းသို့ ခေါ်ယူခွင့်ရှိကြောင်း၊ အကယ်၍ ပြိုင်ပွဲဝင်အား ဒိုင်တစ်ဦးထက်ပို၍ ခေါ်ယူချင်နေပါက ပြိုင်ပွဲဝင်၏အဆုံးအဖြတ်သာဖြစ်ကြောင်း၊ Battle Round  အပြီးတွင် အဖွဲ့တိုင်း၌ Coach ကိုယ်တိုင် ရွေးချယ်ထားသော ပြိုင်ပွဲဝင် ခြောက်ဦးအပြင် Steal  လုပ်ထားသော ပြိုင်ပွဲဝင် နှစ်ဦး စုစုပေါင်း ရှစ်ဦး ကျန်ရှိမည်ဖြစ်ကြောင်း သိရသည်။ နိုင်ငံတကာ ပြိုင်ပွဲအဖွဲ့အစည်းဖြစ်သော The Voice ၏ တရားဝင်ခွင့်ပြုချက်ဖြင့် MRTV-4  နှင့် Forever Bec-Tero တို့ ပူးပေါင်းကျင်းပသော  The Voice Myanmar Season (2)ကို ဖေဖော်ဝါရီ ၂၄ ရက်မှစ၍ အပတ်စဉ် တနင်္ဂနွေနေ့ ည ၉ နာရီ အချိန်တွင် MRTV-4 ရုပ်သံလိုင်းမှ ထုတ်လွှင့်ပြသသွား မည်ဖြစ်ကြောင်း သိရသည်။

ကိုလင်း