ဝုလ်ဗ်အသင်းကို အိမ်ကွင်းမှာ မန်စီးတီးအသင်း ဂိုးပြတ်အနိုင်ရ

၁၅ ဇန်နဝါရီ


ပရီမီယာလိဂ် ပွဲစဉ်(၂၂) လက်ကျန်ပွဲအဖြစ် မန်စီးတီးအသင်းနှင့် ဝုလ်ဗ်အသင်းတို့ အင်္ဂါနေ့ နံနက် ပိုင်းက ယှဉ်ပြိုင်ကစားခဲ့ကြရာ မန်စီးတီးအသင်းက သုံးဂိုး ဂိုးမရှိဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့သည်။


ဝုလ်ဗ်အသင်းကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်ကစားခဲ့သည့် မန်စီးတီးအသင်းသည် ယခုပွဲစဉ်တွင် ဘောလုံးပိုင်ဆိုင်မှု အသာစီးရယူကာ ပွဲအစ ၁၀ မိနစ်မှာပင် ဂျေဆူးက အဖွင့်ဂိုးစတင်သွင်းယူခဲ့သည်။ 


မန်စီးတီးကို စောစီးစွာ ဦးဆောင်ဂိုးပေးလိုက်ရသည့် ဝုလ်ဗ်အသင်းမှာ ပွဲချိန် ၁၉ မိနစ်တွင် ဝုလ်ဗ်နောက်ခံလူ ဘိုနီ က ဘာနာဒိုဆေးလ်ဗားကို ဟန့်တားရာမှ အနီကတ်ဖြင့် ထုတ်ပယ်ခံ လိုက်ရသည်။ ပွဲချိန် ၃၉ မိနစ်တွင် မန်စီးတီးအသင်းမှာ စတာလင်ကြောင့် ပင်နယ်တီကန်ခွင့်ရရှိခဲ့ပြီး ဂျေဆူးကပင် အမှားအယွင်းမရှိ ကန်သွင်းယူကာ ဒုတိယဂိုး ထပ်မံရရှိခဲ့သည်။


ဒုတိယပိုင်းတွင် ဝုလ်ဗ်အသင်းတို့ ချေပဂိုးပြန်လည်ရရှိရေးအတွက် မန်စီးတီးဘက်ကို ဖိအားပေးဖို့ ကြိုးစားခဲ့သော်လည်း ဂိုးရနိုင်လောက်ထိ ထိရောက်မှုမရှိခဲ့သလို ပွဲချိန် ၇၈ မိနစ်တွင် မန်စီးတီးတိုက်စစ်မှူး ဒီဘရိုင်း၏ ကန်ချက် ဝုလ်ဗ်နောက်ခံလူကိုထိမှန်ပြီး လမ်းကြောင်းပြောင်းကာ တတိယဂိုး ထပ်မံရရှိခဲ့သည်။ 


မန်စီးတီးအသင်းသည် ယခုပွဲစဉ်အနိုင်ရလဒ်ကြောင့် လီဗာပူးအသင်းနှင့် ၄ မှတ်သာကွာဟနေခဲ့ပြီး ဒုတိယနေရာမှ ဆက်လက်ဖိအားပေး ရပ်တည်နေခဲ့သည်။


MDN