ယီမင်နိုင်ငံ အေဒင်ဆိပ်ကမ်းရှိ ရေနံသန့်စင်စက်ရုံ မီးလောင်ပေါက်ကွဲမှုဖြစ်ပွား

အေဒင် ၁၄ ဇန်နဝါရီ  

 

ယီမင်နိုင်ငံတောင်ပိုင်း အေဒင်ဆိပ်ကမ်းမြို့ရှိ နိုင်ငံပိုင် ရေနံသန့်စင်စက်ရုံတစ်ရုံ၌ ပြီးခဲ့သည့် စနေနေ့ညနေက အကြီးစား ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ ၁၅ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လုံခြုံရေးအာဏာပိုင်တစ်ဦးက ဆင်ဟွာ သို့ ပြောကြားခဲ့သည်။ တစ်ရက်အကြာက လောင်ခဲ့သော မီးသည် ရေနံတင်ယာဉ်တစ်စီးကို ကူးစက်လောင်ကျွမ်းရာမှ ပြင်းထန်သည့် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး ရေနံသန့်စင်စက်ရုံထဲတွင် ရှိနေသော အလုပ်သမားများနှင့် မီးသတ်ကယ်ဆယ် ရေးအဖွဲ့ ၁၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း လုံခြုံရေးသတင်းရင်းမြစ် တစ်ခုက ပြောကြားခဲ့သည်။

 

ပေါက်ကွဲမှုသည် ဒေသစံတော်ချိန် ညနေ ၄ နာရီ ၅၀ မိနစ်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် မီးသတ်ကယ်ဆယ်ရေးသမားများက မီးတောက်များကို ငြှိမ်းသတ်နိုင်ရန် ကြိုးစားခဲ့ကြပြီး လူနာတင်ယာဉ်များလည်း အခင်းဖြစ်ပွားရာသို့ ချက်ချင်း ရောက်ရှိလာခဲ့သည်။

 

အေဒင်ရှိ Buraigah ဒေသတစ်ခွင်လုံး၌ ပြင်းထန်သည့် ပေါက်ကွဲသံကြီးကို ကြားလိုက်ရပြီး ပေါက်ကွဲမှုဖြစ်ရာ အဆောက်အအုံမှ အနက်ရောင်မီးခိုးလုံးကြီး ပျံတက်လာသည်ကို တွေ့မြင်ခဲ့ရ သည်ဟု မျက်မြင်သက်သေတစ်ဦးက ဆင်ဟွာသို့ ပြောကြားခဲ့သည်။

 

ယီမင်၏မြို့တော်အဖြစ် ယာယီ သတ်မှတ်ထားသည့် အေဒင်ဆိပ်ကမ်းသည် ဆော်ဒီ ကျောထောက်နောက်ခံ ပြုထားသည့် ယီမင်အစိုးရက ၂၀၁၅ ခုနှစ်မှစတင်ကာ အခြေစိုက်ခဲ့သည့် ဆိပ်ကမ်းမြို့ ဖြစ်သည်။ အာရပ်နိုင်ငံ တစ်ခုဖြစ်သည့် ယီမင်သည် ၂၀၁၄ ခုနှစ်နှောင်းပိုင်းမှ စတင်ကာ ပြည်တွင်း စစ်အတွင်းသို့ ကျရောက်ခဲ့ရသည်။ ရှီးယိုက် ဟူသီသူပုန်များက မြို့တော် ဆာနားအပါအဝင် နိုင်ငံ၏ မြောက်ပိုင်း ပြည်နယ်များအားလုံးကို သိမ်းပိုက် ထားသည်။ 

 

ဆင်ဟွာ