ယခုလအတွင်း ဟိုင်းကြီးကျွန်းမြို့အနီး ကျေးရွာအချို့တွင် ဝက်ဝမ်းကျရောဂါဖြစ်ပွားမှုကြောင့် ဝက်များသေဆုံးမှုမြင့်တက်နေ

ဟိုင်းကြီးကျွန်း ၂၁ ဇန်နဝါရီ 


ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့၊ ဝါးကုန်းကျေးရွာအုပ်စု၊ ကုန်းကြီးကျေးရွာနှင့်အနီး ပတ်ဝန်းကျင်ကျေးရွာများ၌ ယခုလ ၁ ရက်နေ့မှ ၂၀ ရက်နေ့အထိ ဝက်ဝမ်းကျရောဂါ ဖြစ်ပွားခဲ့မှုကြောင့် ဝက်များသေဆုံးမှုမြင့်တက်ခဲ့ပြီး ၄၄ ကောင် သေဆုံးကာ ၁၅ ကောင်ကို ရောဂါဖြစ်ပွားလျက် ကနဦးစစ်ဆေးမှုများအရ တွေ့ရှိခဲ့ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ လက်ထောက်ကြီးကြပ်ရေးမှူး ဦးမြင့်ကို၏ ပြောပြချက်အရ သိရှိရသည်။

ဒေသခံဝက်မွေးမြူသူများက ဝက်များ၏ သေဆုံးမှုနှုန်း မြင့်တက်လာသည့် အခြေအနေအား သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ရာမှ ဇန်နဝါရီလ ၂၀ ရက်က ဟိုင်းကြီးကျွန်းမြို့၊ တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ တာဝန်ခံ လက်ထောက်ကြီးကြပ်ရေးမှူး ဦးမြင့်ကို၊ ဝါးကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမြင့်စိုးပါ(၅)ဦးအဖွဲ့က အုပ်တွင်းကျေးရွာ အုပ်စုအပိုင် ကုန်းကြီးကျေးရွာအတွင်း ရောဂါဖြစ်ပွား၍ သေဆုံးသွားသည့် ဝက်မွေးသူများ၏နေအိမ်များနှင့် ရောဂါဖြစ်ပွားလျှက်ရှိသည့် ဝက်မွေးမြူသူများ၏ နေအိမ်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း၊ ရောဂါဖြစ်ပွားနေသည့် ဝက်များအား ဆေးထိုးကုသပေးခဲ့ပြီးနောက်  သေဆုံးသွားသည့် ဝက်ပိုင်ရှင်၊ ဝက်ကောင်ရေနှင့် ရောဂါဖြစ်ပွားလျှက်ရှိသည့် ဝက်ပိုင်ရှင်၊ ဝက်ကောင်ရေစာရင်းတို့ကို ကနဦးအတည်ပြု ကောက်ယူနိုင်ခဲ့ကြောင်း သိရှိရသည်။


ဝက်ဝမ်းကျရောဂါဖြစ်ပွား၍ သေဆုံးခြင်းအပြင် ရောဂါဖြစ်ပွားနေဆဲ ဝက်များမှာ အသက် ၂ လသားအရွယ်မှ အသက် ၆ လသား အရွယ်အထိ ဝက်များဖြစ်ကြောင်း သိရှိရသည်။ 


လတ်တလောတွင် သေဆုံးသွားသော ဝက်များနှင့် ရောဂါဖြစ်ပွားနေသော ဝက်များကိုဖျက်၍ ရောင်းချနေကြောင်း သတင်းများ ထွက်ပေါ်နေပြီး ၎င်းရောဂါဖြစ်ပွားနေသော အသားများကိုစားသုံးမိရာက လူများသို့ ရောဂါကူးဆက်မှု ရှိလာမည်ကို ဒေသခံများအနေဖြင့် စိုးရိမ်မကင်းဖြစ်နေကြောင်းလည်း သိရှိရသည်။


အဆိုပါဝက်များ သေဆုံးမှုနှင့်ပတ်သက်၍ “ဝက်မွေးမြူသူများ အနေဖြင့် မိမိတို့ကျေးရွာဓလေ့အတိုင်း အိမ်အနောက်ဘက်တွင် ချည်တိုင်ဖြင့်မွေးမြူကြပြီး စနစ်တစ်ကျ ခြံခတ်မွေးမှုမရှိခြင်း၊ တိရစ္ဆာန်များ၏ ကျန်းမာရေးနှင့် ပတ်သက်၍ ဗဟုသုတ နည်းပါးခြင်း၊ ရာသီဥတုအေးလွန်း၊ ပူလွန်းခြင်းများကြောင့် ရောဂါဖြစ်ပွားရခြင်းဖြစ်ကြောင်း၊ ယခုသေဆုံးသည့် ဝက်များနှင့် ရောဂါဖြစ်ပွားနေသည့် ဝက်များတွင် ဖြစ်ပေါ်နေသည့် လက္ခဏာများအရ ဝက်ဝမ်းကျရောဂါဖြစ်ကြောင်းနှင့် ရောဂါဖြစ်နေသည့် ဝက်၏ အသားကို ကျက်သည်အထိ မချက်ပြုတ်ဘဲစားသောက်မိပါက စားသုံးသူများ အနေဖြင့် ဝမ်းရောဂါများ ဖြစ်ပွါးနိုင်ကြောင်း” လက်ထောက်ကြီးကြပ်ရေးမှူး ဦးမြင့်ကိုက ပြောသည်။


ဝက်များ၌ ဖြစ်ပွားနေသည့် ရောဂါလက္ခဏာများတွင် မျက်နှာရောင်ရမ်းခြင်း၊ အမွှေးများထောင်ခြင်း၊ အသက်ရှူကြပ်ခြင်း တို့ကိုပါတွေ့ရှိရသည့်အတွက် အဆုပ်ရောင် ရောဂါပါ ရောထွေးပါဝင်နေကြောင်း သိရသည်။ လက်ရှိဖြစ်ပွားလျှက်ရှိသည့် ဝက်ရောဂါကို ကာကွယ်ဆေးမရှိဘဲ ကုသဆေးသာရှိခြင်းကြောင့် ဟိုင်းကြီးကျွန်းမြို့၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ တာဝန်ခံ ဦးမြင့်ကိုမှ ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ စစ်ဆေးရန် ကျန်ရှိနေသေးသည့် အုတ်တွင်းအုပ်စုအပိုင်၊ ကုန်းကြီးကျေးရွာနှင့် အုတ်တွင်းအုပ်စုအတွင်းရှိ အခြားကျေးရွာများသို့ ကွင်းဆင်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကာ ပညာပေးဟောပြောပွဲများပြုလုပ်ခြင်း၊ ပိုးသတ်ဆေးဖြန်းခြင်း၊ ကုသဆေးများထိုးပေးခြင်းတို့ကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။


ဟိုင်းကြီးကျွန်းမြို့ရှိ ဝါးကုန်းကျေးရွာအုပ်စုနှင့် အုတ်တွင်းအုပ်စုတို့တွင် ဝက်များရောဂါ ကျရောက်နေခြင်းဖြစ်ပြီး ဇန်နဝါရီ ၂၁ ရက်နောက်ပိုင်း စစ်ဆေးမှုများအတွင်း သေဆုံးဝက်ကောင်ရေနှင့် ရောဂါဖြစ်ပွားနေသော ဝက်ကောင်ရေစာရင်းမှာ လက်ရှိကနဦး ကောက်ယူရရှိထားသော စာရင်းရှိအရေအတွက်ထက် ပိုများလာဖွယ်ရာရှိကြောင်းနှင့် ဟိုင်းကြီးကျွန်းမြို့ မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာနအနေဖြင့် ရောဂါဖြစ်ပွားမှုကို အချိန်မီထိန်းချုပ်နိုင်ရေး ကွင်းဆင်းဆောင်ရွက် လျှက်ရှိကြောင်း သိရှိရသည်။


ကျော်သူဟိန်း(ဟိန်းကြီးကျွန်း)