ယွန်းပညာကောလိပ် (ပုဂံ)၌ မြန်မာ့ယွန်းလက်မှုအနုပညာပြပွဲကျင်းပမည်

ညောင်ဦး ၁၇ ဇန်နဝါရီ  

 

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊  အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ယွန်းပညာကောလိပ်(ပုဂံ)၌ မြန်မာ့ယွန်းလက်မှုအနုပညာပြပွဲကို ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၃၁ရက်နေ့မှဖေဖော်ဝါရီ ၂ ရက်နေ့ အထိသုံးရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

123

 

မြန်မာ့ရိုးရာလက်မှုအနုပညာကို တန်ဖိုးထားပြီး အစဉ်ထိန်းသိမ်းတတ်စေရန်၊မြန်မာယွန်းထည်ပစ္စည်းများ အရည်အသွေးကောင်းမွန်လာစေရန် မြန်မာ့ယွန်းအနုပညာများကို ပြည်တွင်းသာမက ပြည်ပနိုင်ငံအသီးသီးမှ သိရှိ ပြီးတန်ဖိုးထားလာစေရန်၊မြန်မာ့ယွန်းထည်ပစ္စည်းများ နိုင်ငံတကာဈေးကွက်အထိ ပိုမိုကျယ်ပြန့်လာစေရန် ယွန်း လက်မှုအနုပညာပြပွဲများ ပြုလုပ်ခြင်းဖြင့် ယွန်းလုပ်ငန်းရှင်များအချင်းချင်း ပေါင်းစပ်၍ ယွန်းလက်မှုလုပ်ငန်းပိုမိုဖွံ့ဖြိုး တိုးတက်လာစေရန် ရည်ရွယ်၍ အဆိုပါမြန်မာ့ယွန်းလက်မှုအနုပညာပြပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း ယွန်းပညာ  ကောလိပ်(ပုဂံ)မှ ကထိက ဒေါ်ခိုင်ခိုင်နွယ်က ပြောပြသည်။

 

အဆိုပါ ပြပွဲတွင် ပုဂံ-ညောင်ဦးဒေသရှိ ယွန်းလုပ်ငန်းရှင်ကြီးများ ယွန်းပညာရှင်ကြီးများ ယွန်းပညာကောလိပ် မှ ဆရာ/ဆရာမများနှင့် ကျောင်းသူ/ ကျောင်းသားများ ပြုလုပ်ထားသည် ယွန်းထည်ပစ္စည်းများကို ခင်းကျင်း ပြသသွားမည်ဖြစ်ပြီး လက်ပန်းချီရေးခြယ်ခြင်း၊ ဝါးအဖြူထည်၊ ပန်းပုထည်၊ ပုသိမ်ထီး၊ ပုဂံထီး၊ ဒေသထွက်အဝတ်အစား များ၊ သဲပန်းချီများ ခင်းကျင်းပြသရောင်းချခြင်းများဖြင့် ယွန်းပညာပြပွဲအား စည်ကားသိုက်မြိုက်စွာကျင်းပသွားမည် ဖြစ်ကာ ပြပွဲကာလအတွင်း ပြည်တွင်းပြည်ပ ဧည့်သည်များ မည်သူမဆိုလာရောက်ကြည့်ရှုနိုင်ပြီး ယွန်းပြတိုက်နှင့် ယွန်းနည်းစဉ်ခန်းမအတွင်း ရှေးဟောင်းယွန်းထည်ပစ္စည်းများနှင့် ယွန်းထည်ပြုလုပ်ပုံအဆင့်ဆင့် သရုပ်ပြမှုတို့ကို အခမဲ့လာရောက်ကြည့်ရှုနိုင်ကြောင်း ကထိကဒေါ်ခိုင်ခိုင်နွယ်က ပြောပြသည်။

 

မောင်မောင်ထိန်(ကျောက်ပန်းတောင်း)