နေပြည်တော်၊ အောက်တိုဘာ ၈
ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် နေပြည်တော်ကောင်စီ သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ် ပေါက်မြိုင်ကျေးရွာရှိ ပေါက်မြိုင်တိုက်သစ်ကျောင်းတိုက် ဆရာတော်အား သွားရောက်ဖူးမြော်ကြည်ညိုကာ လှူဖွယ်ပစ္စည်းနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းပြီး ရေဘေးသင့် ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်း ဆောင်ရွက်မှုများကို လျှောက်ထားကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့သည် ကျောင်းတိုက်ဓမ္မာရုံ၌ ရာဂီမုန်တိုင်းဒဏ်ခံစားခဲ့ရသည့် ရေဘေးသင့် ပြည်သူများနှင့် တွေ့ဆုံ၍ အားပေးစကားပြောကြားကြပြီး ရေဘေးသင့်ပြည်သူများထံ သန်းခေါင်စာရင်းအင်္ကျီ၊ အသုံးအဆောင်ပစ္စည်းများ၊ စားသောက်ဖွယ်ရာများနှင့် ကွင်းဆင်း ဆောင်ရွက်ပြီးဖြစ်သည့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထောက်ပံ့ပေးအပ်ကြသည်။
ယင်းနောက် လယ်ဝေးမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ရေကြီးရေလျှံမှုကြောင့် ပျက်စီး၊ ပျောက်ဆုံးသွားသည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြန်လည်ထုတ်ပေးနိုင်ရေးအတွက် မှတ်တမ်းမှတ်ရာများဖြင့် စိစစ်ဆောင်ရွက်နေမှုကို လည်းကောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိပြီးသူများအား e-ID စနစ်ဖြင့် Unique ID နံပါတ်ထုတ်ပေးရေးလုပ်ငန်း ဆောင်ရွက်နေမှုကိုလည်းကောင်း၊ မြို့နယ်စာရင်းစစ်၊ စာရင်းကောက်များက ရေဘေးသင့်ပြည်သူများအား သန်းခေါင်စာရင်းဆိုင်ရာ အစုအဖွဲ့မေးခွန်းပုံစံဖြင့် မေးခွန်းများ မေးမြန်းကောက်ယူနေမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှုအားပေးကာ တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားညှိနှိုင်း ဆောင်ရွက်ပေးသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် ရေဘေးဒဏ်ခံခဲ့ရသည့် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ ရေဘေးသင့်ပြည်သူများအား ပျောက်ဆုံး၊ ပျက်စီးသွားသည့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များအား ဥပဒေနှင့်အညီ ပြန်လည်စိစစ်ထုတ်ပေးခြင်းနှင့် သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများကို ကယ်ဆယ်ရေး စခန်းများသို့ ကွင်းဆင်း၍ လွယ်ကူအဆင်ပြေစွာ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်