လင်းနို့ဂူသဘာဝပတ်ဝန်းကျင်အသိပညာပေးနှင့် အပန်းဖြေစခန်းရှိ ရေကန်အတွင်း တိုက်လိပ်များလွှတ်ပေး

ကန့်ဘလူ ၂၇  ဒီဇင်ဘာ 

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ် ဇင်းကျေးရွာအနီးရှိ လင်းနို့ဂူနှင့် သဘာဝပတ်ဝန်းကျင် အသိပညာပေးနှင့် အပန်းဖြေစခန်းရှိ ရေကန်အတွင်းသို့ ဒီဇင်ဘာ ၂၆ ရက် နံနက်ပိုင်းက ရှားပါးစာရင်းဝင် မြန်မာမျိုးရင်းစိတ်ဖြစ်သော တိုက်လိပ်အထီးအမ ၁ဝ ကောင်အား လွှတ်ပေးခဲ့ကြောင်း သိရသည်။

 

''တိုက်လိပ်မျိုးစိတ်ကို မျိုးတုံးမှုကို ကာကွယ်ဖို့အတွက် မန္တလေးတိရိစ္ဆာန် ဥယျာဉ်နဲ့ ဟုမ္မလင်းမြို့နယ် မှာရှိတဲ့ ထမံသီတောမှာလည်း မွေးမြူနေတာရှိတယ်၊ ပြီးခဲ့တဲ့  ဒီဇင်ဘာလဆန်းပိုင်းက လိပ်နဲ့ပတ်သက်ပြီး ကျွမ်းကျင်ပညာရှင်နဲ့တွေ့ပြီး လင်းနို့ဂူမှာရှိတဲ့ တောတောင်ခြေမှာ မွေးမြူလို့ရလားလို့ မေးမြန်းတဲ့အခါမှာ ရတယ်လို့ ပြောတဲ့အတွက် သူတို့သဘာဝအတိုင်း နေထိုင်မျိုးပွားနိုင်အောင် သဲပြင်တွေ စားသောက်နိုင်တဲ့ အပင်တွေကိုလည်း စီစဉ်ပေးထားပါတယ်'' ဟု စစ်ကိုင်းတိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းစိုးက ပြောသည်။

 

ယနေ့လွှတ်ပေးသော တိုက်လိပ်အထီးအမ ၁ဝ ကောင်အား မန္တလေးတိရိစ္ဆာန်ဥယျာဉ်မှ ယူဆောင်ခဲ့ခြင်း ဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့်ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌနှင့်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက ရေကန်အတွင်းသို့ လွှတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)