ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ (၁)ရက်နေ့ နှစ်သစ်ကူး အခါသမယတွင် ပြောကြားသည့် နှစ်သစ်ကူး နှုတ်ခွန်းဆက်အမှာစကား

(၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်)


ချစ်ခင်လေးစားအပ်တဲ့ နိုင်ငံသူ နိုင်ငံသား မိဘပြည်သူများခင်ဗျား-


နှစ်သစ်မင်္ဂလာ အခါသမယမှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။


နိုင်ငံတော်အစိုးရအနေနဲ့ နိုင်ငံတော်အတွက် အမျိုးသားအကျိုးစီးပွားများ ပေါ်ထွန်းလာစေဖို့ မပြတ်သော သတိ မလျော့သော ဝီရိယတို့ဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း အသိပေးအပ်ပါတယ်။ ယခုမှသည် နောင်လာမယ့် နှစ်များအတွင်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစတဲ့ ကဏ္ဍများမှာ အခွင့်အလမ်းကောင်းများ ပိုမိုရရှိလာမယ်ဆိုတဲ့အကြောင်း သတင်းကောင်းပါးအပ်ပါတယ်။


မိမိတို့နိုင်ငံရဲ့ အနာဂတ် ငြိမ်းချမ်းသာယာအောင်၊ နိုင်ငံသူ နိုင်ငံသားများရဲ့ဘဝ ချမ်းမြေ့ပျော်ရွှင်အောင် နိုင်ငံတော်အစိုးရ အနေနဲ့ ကောင်းမွန်တဲ့ ရည်မှန်းချက် ဦးတည်ချက်များကို ကြိုးပမ်းပုံဖော်သွားမှာ ဖြစ်ပါတယ်။ နိုင်ငံတော်မှာ တွေ့ကြုံရင်ဆိုင်နေရတဲ့ အခက်အခဲ အကျပ်ကျပ်အတည်းများကိုလည်း အမှန်တရားနဲ့ တရားမျှတမှုကို လက်ကိုင်ထားပြီး ဖြေရှင်းခြင်းဖြင့် ကျော်လွှားလွန်မြောက်နိုင်မယ်လို့ ယုံကြည်ပါတယ်။


မိဘပြည်သူများအနေနဲ့လည်း နိုင်ငံတော်အစိုးရရဲ့ ပြည်ထောင်စုကြီးငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး စတဲ့လုပ်ငန်းစဉ်များအပေါ် ပိုမိုပူးပေါင်းဆောင်ရွက်ပေးကြပါရန် ပန်ကြားအပ်ပါတယ်။


မိဘပြည်သူများအားလုံး ကောင်းကျိုးမင်္ဂလာအဖြာဖြာနဲ့ ပြည့်စုံနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။


ဒီမိုကရေစီဖက်ဒရယ် ရှေ့ခရီးကို ဆက်လက်တက်ကြွစွာ ပါဝင်နိုင်ကြပါစေလို့ ဆန္ဒပြုအပ်ပါတယ်ခင်ဗျာ။ အားလုံးကို ကျေးဇူးတင်ပါတယ်။