ထန်းတပင်မြို့နယ်တွင် ဒေသခံတောင်သူများ၏ စပါးသယ်ယူမှုကုန်ကျစရိတ်များ လျော့ချနိုင်မည့် ကုန်ထုတ်လမ်း အကောင်အထည်ဖော်ဆောင်ရွက်

ထန်းတပင် ၂ ဇန်နဝါရီ

 

ရန်ကုန်မြောက်ပိုင်းခရိုင် ထန်းတပင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့အင်္ဂါရပ်နှင့် အညီဖွံ့ဖြိုး တိုးတက်စေရေး၊ လမ်း၊ တံတားများ ရာနှုန်းပြည့် ကောင်းမွန်စေရန် ရည်ရွယ်ချက်ဖြင့် အမှတ်(၅)ရပ်ကွက်ရှိ ဒေသခံတောင်သူများ၏ စပါးသယ်ယူမှုကုန်ကျစရိတ်များ လျော့ချနိုင်မည့် ကုန်ထုတ်လမ်းကို (၂၀၁၈)ခုနှစ်၊ ဒီဇင်ဘာ ၃၀ ရက်မှ စတင်ကာ အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ကုန်ထုတ်လမ်းကို မြို့နယ်စည်ပင်သာရေးအဖွဲ့မှ (၂၀၁၈-၂၀၁၉)ဘဏ္ဍာနှစ် ငွေလုံးငွေရင်း ဘတ်ဂျတ်မှ ငွေကျပ်(၃၈.၆၄ဝ)သန်းဖြင့် ကွန်ကရစ်လမ်းပေ အရှည် ပေ ၁၂ဝဝ၊ အကျယ် ၁၀ ပေ၊ ၉ လက်မ ထုဖြင့်ဆောင်ရွက်ခြင်းဖြစ်ပြီး (၂၀၁၉) ခုနှစ် ဇန်နဝါရီ ၂ ရက်နေ့တွင် အရှည် ပေ ၅၀၀ကျော်အထိ ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်ကြောင်းနှင့် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေမည့် ကွန်ကရစ်လမ်း ၁၇ ခုကိုလည်း မြို့နယ်အတွင်း ထပ်မံဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒေါ်ခင်ခင်ဌေးထံမှ သိရသည်။

 

 

အဆိုပါလမ်းကို ဒေသခံတောင်သူများ စပါးသယ်ယူရာတွင် အများဆုံး သွားလာနေကြသည့် အဓိကကျသည့် လမ်းတစ်လမ်းဖြစ်ပြီး မိုးတွင်းပိုင်းတွင် စပါးသယ်ယူမှု ကုန်ကျစရိတ် နှစ်တင်းအိတ် တစ်အိတ်လျှင် ငွေကျပ် ၅၀၀ထိ ပေးရကြောင်း ဒီနှစ်ကုန်ထုတ်လမ်းဆောင်ရွက်ပြီးစီးသွားပါက စပါးသယ်ယူမှုကုန်ကျ စရိတ်များလည်း လျော့ချနိုင်တော့မည်ဖြစ်သည့်အတွက် ဒေသခံတောင်သူများ ဝမ်းသာလျက်ရှိကြောင်း အမှတ်(၅) ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးမျိုးဝင်းထံမှသိရသည်။

 

ဇင်မင်းထိုက်(ထန်းတပင်)