လက်ရှိဘဏ္ဍာနှစ် ကိုးလအတွင်း ပြည်ပသို့ မြန်မာ့ထောပတ် တန်ချိန် ၄၃၂ ဒသမ ၂၆၀ တင်ပို့ထား

mdn

နေပြည်တော် ၆ ဇန်နဝါရီ   

 

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်  ကိုးလအတွင်း ပြည်ပသို့ မြန်မာ့ ထောပတ်သီး တင်ပို့မှု တန်ချိန် ၄၃၂ ဒသမ ၂၆၀ တန်ဖိုး အမေရိကန် ဒေါ်လာ ဝ ဒသမ ၁၀၄ သန်း ရရှိထားခြင်းကြောင့် အထိုက်အလျောက် တင်ပို့နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

 

ထောပတ်သီးကို တရုတ်နိုင်ငံသို့ ပင်လယ်ရေကြောင်းမှ ၂၃ တန်၊ နယ်စပ်ကုန်သွယ်ရေး စခန်းများမှ ၂၃ တန်၊ ထိုင်းနိုင်ငံသို့ နယ်စပ်မှ တန် ၄၀ဝ၊ ဟောင်ကောင်နိုင်ငံသို့ ပင်လယ်ရေကြောင်းမှ ဝ ဒသမ ၂၄၀ တန်နှင့် ရုရှားနိုင်ငံသို့ ပင်လယ်ရေကြောင်းမှ ဝ ဒသမ ၂၀ တန် အသီးသီး ပို့ထားကြောင်း သိရသည်။

 

“ထောပတ်သီးက အလားလာရှိတဲ့ ဈေးကွက်ဝင် သစ်သီးဝလံ ဖြစ်တယ်။ ပို့ကုန် တိုးမြှင့်ရေးကို ဦးတည်ထား စိုက်ပျိုးဖို့ လိုအပ်တယ်။ နိုင်ငံတကာ ဈေးကွက်ကို ထိုးဖောက်နိုင်ဖို့ဆိုရင် အရည်အသွေးမြင့် အလုံးညီတဲ့ အသီးတွေကို ရွေးချယ် စိုက်ပျိုးဖို့ လိုအပ်တယ်” ဟု မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၊ ပြည်တွင်းကုန်သွယ်မှု ဌာနခွဲ ညွန်ကြားရေးမှူး ဦးမျိုးသူက ပြောသည်။

 

ထောပတ်သီးကို တန်ဖိုးမြှင့် ထုတ်ကုန်အဖြစ် ထုတ်လုပ်ပြီး အစားအသောက်များ၊ လူသုံးကုန် ပစ္စည်းများ၊ အလှကုန် ပစ္စည်းများ၊ ရေချိုးဆပ်ပြာဆီများတွင် တွင်တွင်ကျယ်ကျယ် အသုံးပြုလာခြင်းကြောင့် အဆိုပါကဏ္ဍ တိုးတက်လာစေရန် ထောပတ်ပွဲတော်များ ကျင်းပခြင်း၊ ငွေကြေး အရင်းအနှီးများ ထောက်ပံ့ပေးခြင်း၊ ထောပတ်ဇုန်များ တည်ထောင်ခြင်းတို့ကို ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ရှမ်းပြည်နယ်၊ တောင်ကြီး ထောပတ် စိုက်ပျိုးသူ ကွန်ရက်ဝင် ဦးစိုင်စိုးနောင်က ပြောသည်။

 

“ထိန်းသိမ်း စောင့်ရှောက်မှု သက်သာတဲ့ အသီးလည်းဖြစ်လို့ စိုက်တောင်သူတွေ အနေနဲ့ ပုံမှန်ဝင်ငွေ အမြဲရှိနေပါတယ်။ ဒါပေမယ့်လည်း ပြည်ပ ဈေးကွက်တွေကို တိုးမြှင့်တင်ပို့ဖို့ အထိဆိုရင်တော့ နည်းပညာနဲ့ အရွယ်အစားတူ အသီးတွေစိုက်နိုင်ဖို့ အများကြီး လုပ်ရဦးမယ်” ဟု ၎င်းက ပြောသည်။

 

မြန်မာ့ ထောပတ်ကဏ္ဍ ဖွံ့ဖြိုးရေးအတွက် မြန်မာနိုင်ငံ သစ်သီးဝလံ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ် လုပ်သူများအသင်း (MFVP) မှ ကျွမ်းကျင် ပညာရှင်များ လာရောက်၍ သင်တန်းများ ပို့ချပေးခြင်၊ စိုက်ပျိုး တောင်သူ အချင်းချင်း နည်းပညာ ဖလှယ်ရန်နိုင်ရန် ထောပတ် အစုအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်နေကြောင်း သိရသည်။

 

ထောပတ်သီးကို ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး ပြင်ဦးလွင် ဒေသများတွင် အများဆုံး စိုက်ပျိုးကြကြောင်း သိရသည်။

 

 ဇာလင်းသူ(AMIA)/ ဓာတ်ပုံ-ကေဇူး(AMIA)