နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ ဘဏ္ဍာနှစ်(၃)ခုအတွင်း မြေရိုင်းနှင့်လှေကားထစ်လယ်မြေ ဧက ၁၈၅၃ ဧက ဖော်ထုတ်ပေးသွားမည်

mdn

မုံရွာ ၃ဝ  ဇူလိုင် 

 

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်နှင့် နန်းယွန်းမြို့နယ်များ အတွင်းရှိ ကျေးရွာ (၂၆)ရွာတွင် ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်မှ ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာနှစ်အထိ (၃)နှစ်တာကာလအတွင်း မြေရိုင်းနှင့် လှေကားထစ်လယ်မြေ (၁၈၅၃)ဧကကို ဖော်ထုတ်ပေးသွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာနမှ သိရသည်။

 

'' နာဂဒေသမှာ အမြဲတမ်းစိုက်ပျိုးနိုင်မယ့် လှေကားထစ်လယ်ယာတို့ မြေရိုင်းဖော်ထုတ်ပေးတာတို့ကို လုပ်ဆောင်ပေးတာပါ၊ လုပ်ငန်းကိုတော့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေနဲ့ လုပ်ဆောင်ပေးသွားမှာပါ၊ စိုက်ပျိုးရေးလုပ်ငန်းမှာ လိုအပ်တဲ့ မျိုးတွေ၊ အပင်တွေကိုလည်း စိုက်ပျိုးရေးဦးစီးဌာနက ထောက်ပံ့ပေးသွားမယ့် အစီအစဉ်တွေလည်း ပါပါတယ်၊ လာမယ့် ဘဏ္ဍာနှစ်မှာ နာဂဒေသမှာ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ ထယ်ရေး၊ ထွန်ရေးတွေမှာ အသုံးပြုဖို့ စက်မှုလယ်ယာဦးစီးဌာနက ရှေ့တန်းစခန်းဖွင့်လှစ်ပြီး ကူညီဆောင်ရွက်သွားဖို့လည်း စီစဉ်နေပါတယ်'' ဟု စစ်ကိုင်းတိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးခင်မောင်ဇင်က ပြောသည်။

 

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်အတွင်း လဟယ်မြို့နယ် တိုက်ရံ ကျေးရွာတွင် မြေရိုင်းဖော်ထုတ်ခြင်းအဖြစ် ဧက (၁၅ဝ)အားလည်းကောင်း၊ နန်းယွန်းမြို့နယ် အတွင်းရှိ ဟာဝါး ကျေးရွာတွင် လှေကားထစ် လယ်မြေ (၁ဝဝ)ဧက စုစုပေါင်း(၂၅ဝ)ဧကအားလည်းကောင်း၊ ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာနှစ်တွင် လဟယ်မြို့နယ် အတွင်းရှိ  ကျေးရွာ (၁၅)ရွာတွင် မြေရိုင်း (၄ဝ)ဧကနှင့် လှေကားထစ်လယ်မြေ (၄၁ဝ)ဧက စုစုပေါင်း(၇၅ဝ)ဧကအားလည်းကောင်း၊ နန်းယွန်းမြို့နယ်အတွင်းရှိကျေးရွာ(၃)ရွာတွင် လှေကားထစ် လယ်မြေ (၃ဝဝ)ဧက စုစုပေါင်း (၇၅ဝ)ဧကအား လည်းကောင်း၊ ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာနှစ်တွင် နန်းယွန်းမြို့နယ် အတွင်းရှိ ကျေးရွာ(၉)ရွာတွင် လှေကားထစ် လယ်မြေ(၈၅၃)ဧက စုစုပေါင်း (၁၈၅၃)ဧကအား ဖော်ထုတ်ပေး သွားမည် ဖြစ်ကြောင်း သိရသည်။

 

ဝင်းဦး( ဇေယျာတိုင်း )