မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ပြည်တွင်းပုဂ္ဂလိကဘဏ်များကို ဇူလိုင် ၂၇ ရက်မှစတင်၍ အမေရိကန်ဒေါ်လာများ ရောင်းချပေးနေ

mdn

ရန်ကုန် ၇ သြဂုတ်

 

အမေရိကန်ဒေါ်လာနှင့် မြန်မာကျပ်ငွေလဲလှယ်နှုန်း တည်ငြိမ်ရေးအတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ပြည်တွင်းပုဂ္ဂလိကဘဏ်များကို ဇူလိုင် ၂၇ ရက်မှစတင်၍ အမေရိကန်ဒေါ်လာများ ရောင်းချပေးလျက်ရှိကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်မေတိုးဝင်းက ပြောသည်။ 

 

မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ပြည်တွင်းပုဂ္ဂလိကဘဏ်များကို ရောင်းချပေးသည့် ဒေါ်လာပမာဏမှာ တစ်ရက်လျှင် တစ်သိန်းဝန်းကျင်ရှိပြီး ဇူလိုင် ၂၇ ရက်မှ ယနေ့အထိ အမေရိကန်ဒေါ်လာ (၈)သိန်း ရောင်းချပေးပြီးဖြစ်ကြောင်း သိရသည်။ ဆက်လက်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ပြည်တွင်းပုဂ္ဂလိကဘဏ်များကို အမေရိကန်ဒေါ်လာများ ပိုမိုမြှင့်တင်ရောင်းချပေးသွားရန် အစီအစဉ်ရှိကြောင်းလည်း သိရသည်။ 

 

ဗဟိုဘဏ်က ထိုသို့ အမေရိကန်ဒေါ်လာများ ရောင်းချပေးနေသော်လည်း ပြည်တွင်းငွေကြေးဈေးကွက်တွင် အမေရိကန်ဒေါ်လာတန်ဖိုး ဆက်လက်မြင့်တက်လျက်ရှိရာ သြဂုတ် ၆ ရက်က နိုင်ငံခြားငွေလဲလှယ်နှုန်းမှာ အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၁၄၅၇ မှ ၁၄၆၄ ကြားရှိခဲ့ကြောင်း သိရသည်။ 

 

မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေဈေးကွက်၏ အနေအထားကို ပုံမှန်စောင့်ကြည့်စစ်ဆေးနေပြီး ဈေးကွက်အတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်း မတည်မငြိမ်ဖြစ်စေမည့် ဈေးကစားမှုများကို ကြပ်မတ်ကွပ်ကဲလျက်ရှိကြောင်း၊ ထို့ပြင် ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲလှယ်နှုန်းသည် ဘဏ်အချင်းချင်းအကြား အရောင်းအဝယ်ရှိမှုအပေါ် အဓိကမူတည် သတ်မှတ်နေခြင်းကြောင့် ဈေးကွက်နှင့် အနီးစပ်ဆုံးဖြစ်သည့် ဈေးနှုန်းတစ်ရပ်ဖြစ်စေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းလည်း ညွှန်ကြားရေးမှူးချုပ် ဒေါ်မေတိုးဝင်းက ပြောကြားခဲ့ကြောင်း သိရသည်။ 

 

သတင်း- ခင်မောင်ထွေး