ဝမ်တိန်သီးနှံ ကုန်စည်ဒိုင်သို့ ရှမ်းပြည်နယ်မှ တင်ပို့သော နာနတ်သီးများကို အရှုံးခံ၍ ရောင်းချနေရ

mdn

ဝမ်တိန် ၁၃ သြဂုတ် 

 

မြန်မာနိုင်ငံမှ ထွက်ရှိသော နာနတ်သီးများကို မူဆယ်မှတစ်ဆင့် တရုတ်နိုင်ငံ ရွှေလီရှိ ဝမ်တိန်သီးနှံကုန်စည်ဒိုင်သို့ နာနတ်တောင်သူများနှင့် ပွဲစားများက အလုံးရေ ၆၅ဝ တင်ဆောင်နိုင်သော ဒိုင်နာယာဉ်များဖြင့် တင်ပို့ရောင်းချလျက်ရှိရာ ယခုရာသီပိတ်ချိန်တွင် ဈေးကောင်းမရဘဲ အရှုံးခံ၍ ရောင်းချနေရကြောင်း သိရသည်။

 

ဝမ်တိန်သီးနှံ ကုန်စည်ဒိုင်တွင် ယခုနှစ် နာနတ်သီးဈေးကွက် ရာသီအစ ကောင်းခဲ့သောကြောင့် မြန်မာတောင်သူများနှင့် ပွဲစားများမှာ နာနတ်သီးရာသီပိတ်ချိန်တွင် ဈေးကောင်းရမည် ဟူသောမျှော်လင့်ချက်ဖြင့် တင်ပို့ရောင်းချကြရာမှ ဈေးကောင်းမရဘဲ အရှုံးခံရောင်းချနေရခြင်းဖြစ်ကြောင်း သိရသည်။ 

 

လားရှိုး-မန္တလေး ကားလမ်းမကြီးဘေးတွင်ရှိသော စဉ့်အင်ရွာမှ ထွက်ရှိသည့် နာနတ်သီးသည် အရသာကောင်းသော ကြောင့် ယခုနှစ် ရာသီအစတွင် သီပေါသီး၊ ကုန်းသာသီးတို့ထက် ရောင်းအားကောင်းခဲ့ကာ ရာသီပိတ်ချိန် သြဂုတ်လတွင်မူ တရုတ်ကုန်သည်တို့ ဈေးဖြတ်သည့်အတိုင်း အရှုံးခံ၍ရောင်းချ နေရကြောင်း သိရသည်။

 

''ဒီနှစ်မှာ ကုန်းသာ၊ သီပေါသီးထက် တရုတ်ပြည်က အဝယ်လိုက်ခဲ့လို့ နာမည်ရခဲ့တယ်၊ လိုက်ထရပ်တစ်စီးကို နာနတ်သီး ၆၅ဝ၊ ၇ဝဝ တင်ပြီး ရောင်းကြတာများတယ်၊ ဈေးကွက်က မငြိမ်ဘူး၊ တစ်စီးကို ယွမ် သုံးထောင်ကျော် အရင်ကရခဲ့တယ်၊ အခု မရတော့ဘူး၊ ကျွန်မတို့ စိုက်ပြီးရောင်းတဲ့သူတွေ ညီမယ်ဆိုရင် ခိုင်မာတဲ့ဈေးတစ်ခုတော့ရမှာအမှန်ပဲ၊ အခုတော့ သူတို့ဖြတ်တဲ့ဈေးအတိုင်း ရောင်းနေရတာ၊ တရုတ်ဝယ်လက်က ညီတယ်၊ ရောင်းတဲ့သူတွေကမညီဘူး၊ ကိုယ်ကြိုက်ဈေးရရင် ရောင်းနေကြတော့ နာနတ်သီးထွက်တဲ့တောင်သူတွေမှာ ကားခနဲ့ အကောက်ခွန်ခအရှုံးခံပြီး ရောင်းနေရတာရှိတယ်''ဟု စဉ့်အင်မှလာ၍ နာနတ်သီးများရောင်းချနေသူ ဒေါ်ခင်စောမြင့် က ပြောသည်။ ''မနှစ်က နာနတ်သီးတောင်သူတွေ အရှုံးပေါ်ခဲ့တယ်၊ ဒီနှစ်လည်း ရာသီအစမှာ လပိုင်းလေးပဲ ဈေးကောင်းခဲ့ပြီးတော့ ၈ လပိုင်း ရာသီကုန်ချိန်မှာ အမြတ်နည်းတာ၊ ပြန်သယ်လို့မလွယ်တဲ့အတွက် အရှုံးခံပြီးရောင်းရတာတွေ များလာတယ်၊ တရုတ်နိုင်ငံကို နာနတ်သီးကား တစ်စီးရောက်ဖို့ နှစ်သိန်းကျော် ကုန်တယ်၊ နာနတ်သီးတစ်လုံးကို မြန်မာငွေ ၃ဝဝ ပဲပေးရင် လုံးဝ မကိုက်တော့ဘူး၊ နာနတ်သီးဈေးကွက်ကို ထိန်းချုပ်နိုင်တဲ့အဖွဲ့ အစည်းမရှိတော့ တရုတ်ဝယ်လက် ပေးသမျှဈေးနဲ့ ရောင်းနေရသလိုဖြစ်နေတယ်''ဟု နာနတ်သီးတောင်သူတစ်ဦး ဖြစ်သော ဦးဇော်မှိုင်းက ပြောသည်။

 

တရုတ်နိုင်ငံ အနေဖြင့် ယခုနာနတ်သီးရာသီတွင် စဉ့်အင်၊ ကုန်းသာနှင့် သီပေါတို့မှ ထွက်သည့် နာနတ်သီးများကို ဝယ်ယူလျက်ရှိပြီး ကျောက်မဲသီးကိုမူ ရန်ကုန်သို့ တိုက်ရိုက်ပို့ဆောင် ကြောင်း၊ တရုတ်ငွေ ယွမ် ၁ဝဝ သည် မြန်မာငွေကျပ် ၂ဝဝဝဝ ကျော် ဈေးရှိသောကြောင့် အလုံး ၇ဝဝ ပါ ကားတစ်စီးလျှင် ယွမ် ၁၂ဝဝ ဖြင့် ဈေးဖြတ်သည့်အတွက် မြန်မာငွေ ကျပ် ၂၄ဝဝဝဝ ကျော်သာ ရရှိကြောင်း သိရသည်။ တရုတ်နိုင်ငံသို့ မြန်မာနိုင်ငံမှ ကုန်စည်တင်ပို့မှုတွင် ဂိတ်ပေါက်လေးခု ရှိသည့်အနက် သီးနှံများကို ဝမ်တိန်ဂိတ်ပေါက်မှသာ တင်ပို့ခွင့်ရှိပြီး တရုတ်နိုင်ငံနယ်စပ်မြို့များတွင် မြန်မာဈေးသည်များက သုံးဘီးယာဉ်ဖြင့် သီးနှံများ လှည့်လည်ရောင်းချမှုကိုလည်း တားမြစ် လိုက်သည့်အတွက် တရုတ်နိုင်ငံသို့ ကိုယ်တိုင်တင်ပို့သော နာနတ်သီးတောင်သူများမှာ မြန်မာဈေးသည်များကိုလည်း ရောင်းချခွင့် မရတော့ကြောင်း၊ ထိုအချက်မှာလည်း နာနတ်သီး ဈေးကွက်ကျဆင်းမှုနှင့် ဆက်နွှယ်မှုရှိကြောင်း သိရသည်။

 

ယခုနှစ်တွင် ဇွန်လဆန်းမှစ၍ ရှမ်းပြည်နယ်မြောက်ပိုင်းမှ ထွက်သော နာနတ်သီးများကို မူဆယ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ မြန်မာတောင်သူများနှင့် ပွဲစားများက တိုက်ရိုက်တင်ပို့ ရောင်းချမှုများ ပြုလုပ်ခဲ့ရာ လမ်းခရီးတွင် အကြောင်းအမျိုးမျိုးကြောင့် ကြန့်ကြာခြင်းနှင့် ဆေးဝါးများ သုံး၍ သီးနှံအမှည့်မြန်သဖြင့် သီးနှံပို့ဆောင်ရာတွင် ပျက်စီးမှုရှိခြင်းတို့ကြောင့် နာနတ်သီး တောင်သူများ အနေဖြင့် ယခုရာသီတွင် အရှုံးဖြင့်ပို၍ ရင်ဆိုင်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

 

သန်းထိုက်၊ ဓာတ်ပုံ- သန်းစိုး