တရုတ်ဈေးကွက်အတွက် မြန်မာ့သရက်သီး အရည်အသွေးနှင့် ထုပ်ပိုးမှု အဆင့်မြှင့်တင်ရန် လိုအပ်နေ

mdn

၁၃ သြဂုတ်

 

အသီးအနှံဈေးကွက် တဖြည်းဖြည်း ကြီးထွားလာနေသော တရုတ်နိုင်ငံတွင် မြန်မာနိုင်ငံ မန္တလေးနှင့် ကျောက်ဆည်မှ စိန်တစ်လုံးနှင့် ရွှေဟင်္သာသရက်သီးများသည် မျက်နှာပန်းလှပြီး ဈေးကွက်နေရာတစ်ခု ရရှိနေပြီဖြစ်သော်လည်း သီးနှံပို့ကုန်မှ နိုင်ငံခြားငွေရရှိရန် အပြိုင်အဆိုင် ကြိုးပမ်းလုပ် ဆောင်လာသော အခြားနိုင်ငံတို့မှာလည်း တရုတ်နိုင်ငံ၏ သရက်သီးဈေးကွက်ကို စတင်ချဉ်းကပ်နေပြီဖြစ်သောကြောင့် လက်ရှိမြန်မာ့သရက်သီး၏ အရည်အသွေးကို ဆက်လက် ထိန်းသိမ်းမှုနှင့်အတူ ထုပ်ပိုးမှုအပိုင်းကိုလည်း နည်းပညာဖြင့် ဖြည့်စွက်နိုင်ပါမှ မြန်မာ့သရက်သီးသည် ဆက်လက်ဦးမော့ နေမည်ဖြစ်၍ လက်ရှိတွင် ထုပ်ပိုးမှုနည်းပညာများကို အဆင့်မြှင့်တင်ရန် လိုအပ်နေပြီဖြစ်ကြောင်း မူဆယ်မြို့ (၁ဝ၅)မိုင် ကုန်သွယ်ရေးဇုန်ရှိ အရှေ့မြောက်တံခါး သစ်သီးကုန်စည်ဒိုင်မှ သိရသည်။ မြန်မာနိုင်ငံမှထွက်ရှိသော စိန်တစ်လုံးနှင့် ဟင်္သာ သရက် သီးသည် နိုင်ငံ၏ဂုဏ်ဆောင်အဖြစ် ဂုဏ်ယူဝင့်ကြွားနိုင်သော သီးနှံတစ်မျိုးဖြစ်ပြီး တရုတ်နိုင်ငံကလည်း မက်မက်မောမော နှစ်ခြိုက်စွာ စားသုံးလျက်ရှိသည်။ တရုတ်နိုင်ငံ ဟိုင်နန်ကျွန်း၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ်နှင့် လာအိုနိုင်ငံတို့မှထွက်ရှိသော သရက်သီးများကို တရုတ်နိုင်ငံ၏ သီးနှံဈေးကွက်တွင် နေရာရရှိနိုင်ရန် ကြိုးပမ်းဆောင်ရွက်နေကြသော်လည်း မြန်မာ့ သရက်သီး၏အရသာကို မယှဉ်နိုင်သေးသောကြောင့် ယနေ့ တိုင် မြန်မာ့သရက်သီးသည် ဈေးကွက်နံပါတ်တစ်နေရာတွင် ရပ်တည်လျက်ရှိခြင်းဖြစ်ကြောင်း သိရသည်။

 

''တရုတ်သရက်သီး ဈေးကွက်ကို ဝင်တိုးနေတဲ့နိုင်ငံတွေက မန္တလေးစိန်တစ်လုံးနဲ့ ဟင်္သာသရက်သီး အရသာကို မမီသေးဘူး၊ ဒါပေမယ့် ထုပ်ပိုးစနစ်ကို ပြုပြင်ပြောင်းလဲဖို့တော့ အမြန်လိုအပ်နေပါပြီ၊ အသီးကို သေသေချာချာအိတ်စွပ်တာ၊ ရေညှိနဲ့ အမည်းစက်ပျောက်အောင် ဆေးဖျန်းတာတွေ၊ အနာအဆာ ကင်းအောင် သယ်ပို့နိုင်ဖို့တွေကို တောင်သူတွေ (၁ဝ၅)မိုင်ကို ရောက်တိုင်း တိုက်တွန်းပြောကြားပေမယ့် လိုအပ်ချက်တွေ ရှိနေပါသေးတယ်၊ တရုတ်ပြည်မှာက စိန်တစ်လုံးရောင်း အားကောင်းတဲ့အတွက် သူတို့ကိုယ်တိုင် စိန်တစ်လုံး အရသာအတိုင်း ထုတ်လုပ်နိုင်ဖို့ ကြိုးစားနေကြတယ်၊ ကိုင်းကူး၊ ကိုင်းဆက်ပညာတွေနဲ့ လုပ်ဆောင်နေတာကြောင့် ၂ဝ၁၈ ခုနှစ်မှာ တရုတ်စိန်တစ်လုံး သရက်သီးဟာ တရုတ်သီးနှံဈေးကွက်ထဲ ဝင်ရောက်နေပါပြီ၊ ဒါပေမယ့် မြန်မာနိုင်ငံက သရက်တောင်သူ တွေ ကံကောင်းနေတာတစ်ခုက မြန်မာ့စိန်တစ်လုံးသရက်သီး အရသာကို ဘယ်သရက်သီးကမှ မမီသေးဘူးဖြစ်နေတယ်။ တောင်ကြီးကလည်း စိန်တစ်လုံးထွက်နေပါပြီ၊ တောင်ကြီး စိန်တစ်လုံးနဲ့ ကျောက်ဆည် စိန်တစ်လုံးခွဲပြီး အတူစားရင် ကျောက်ဆည်စိန်တစ်လုံးရဲ့ အရသာကို မမီတာကို တွေ့ရမှာပါ။ လိုအပ်နေတာက တင်ပို့တဲ့အခါမှာ ထုပ်ပိုးမှုအပိုင်း အားနည်းနေတယ်၊ တခြားနိုင်ငံက ကျောက်ဆည်စိန်တစ်လုံးအရသာကို ဖန်တီးနိုင်ခဲ့ရင် သရက်သီးဈေးကွက်မှာ ထုပ်ပိုးမှုလိုအပ်နေတဲ့ မြန်မာ့သရက်သီးတောင်သူတွေအတွက် ထိခိုက်လာနိုင်တယ်၊ ဒါကြောင့် အချိန်မီ ထုပ်ပိုးမှုအပိုင်းကို ပြင်ဆင်ဖို့လိုနေပါပြီ၊ သရက်သီးအရည်အသွေးကို ဆက်ပြီးတိုးမြှင့်ထိန်းသိမ်းဖို့ လည်း လိုလာတယ်'' ဟု မူဆယ်မြို့ အရှေ့မြောက်တံခါး အများ ပိုင်ကုမ္ပဏီ၏ သစ်သီးကုန်စည်ဒိုင်ဥက္ကဋ္ဌ ဦးစိုင်းထွန်းဝင်းက ပြောသည်။

 

တရုတ်နိုင်ငံမှတစ်ဆင့် ဥရောပနိုင်ငံများသို့တိုင် ခြေဆန့်လျက်ရှိသော မြန်မာ့သရက်သီး၏ အရသာနှင့် ဈေးကွက်ကို ထိန်းချုပ်နိုင်ရန် မူဆယ်(၁ဝ၅)မိုင် သစ်သီးဒိုင်သို့ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် ထိုင်းနိုင်ငံတို့က အကြိမ်ကြိမ် လာရောက် လေ့လာလျက်ရှိပြီး ထိုင်းနိုင်ငံသည် တရုတ်သရက်သီးဈေးကွက်ကို အထူးစိတ်အား ထက်သန်လျက်ရှိ၍ မဲခေါင်မြစ်မှ ပို့ဆောင်ရာတွင် ခရီးဝေးခြင်း၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်းတို့ကြောင့် ကောင်းမွန်သောနည်းလမ်းများဖြင့် တရုတ် သရက်သီးဈေးကွက်ကို ထိုးဖောက်နိုင်ရန် ကြိုးပမ်းလျက်ရှိ ကြောင်း သိရသည်။

 

မြန်မာနိုင်ငံသည် အခြားသော နိုင်ငံတို့ထက် တရုတ်နိုင်ငံ၏ သရက်သီးဈေးကွက်နှင့် နီးကပ်စွာရှိနေသည့်အတွက် ကောင်းမွန်သော အခွင့်အရေးကို ရရှိထားပြီဖြစ်ရာ သရက်သီး အရည်အသွေးပို၍ ကောင်းမွန်လာစေရန်နှင့် ထုပ်ပိုးမှုပိုင်းတွင် အခြားနိုင်ငံများကဲ့သို့ ကောင်းမွန်သော ထုပ်ပိုးမှုနည်းပညာများ ပြောင်းလဲရန်သာ လိုအပ်နေကြောင်း သိရသည်။

 

''တရုတ်နိုင်ငံရဲ့ တဖြည်းဖြည်း ကြီးထွားလာတဲ့သီးနှံဈေးကွက်နဲ့ အနီးဆုံးမှာရှိနေတာဟာ ကျန်တဲ့နိုင်ငံတွေထက် မြန်မာနိုင်ငံက ကံကောင်းတယ်လို့ ဆိုရမှာပါ၊ သရက်သီးကို ထိုင်းနိုင်ငံက သိပ်စိတ်ဝင်စားတယ်၊ (၁ဝ၅)မိုင်အထိကို နယ်စပ်ရေးရာ ဝန်ကြီးအပါအဝင် ကုန်သည်ကြီး ၃ဝ အကြိမ်ကြိမ် လာလေ့လာတယ်၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်ကလည်း တရုတ်ဈေးကွက်ကို လာပြီးလေ့လာတယ်၊ သူတို့အခက်အခဲက သယ်ယူပို့ဆောင်ရေးပဲ၊ ကျွန်တော်တို့က အခွင့်အရေး အကောင်းဆုံးရနေသလို ဈေးကွက်လည်းရပြီးနေပြီ၊ အရသာလည်း နာမည်ရပြီးသား၊ အရည်အသွေး အဆင့်မြင့်လာအောင်နဲ့ ပြင်ဆင်ထုပ်ပိုးမှု အပိုင်းကို နိုင်ငံခြားပို့ကုန် အရည်အသွေးမီအောင် ပြုပြင်နိုင်ရမယ်၊ ဒါတွေကို မပြုပြင်ဘဲ ဖြစ်ပါတယ်ဆိုတဲ့ သမားရိုးကျအတိုင်းသာ သွားနေမယ်ဆိုရင်တော့ ကျွန်တော်တို့ တရုတ်သရက်သီးဈေးကွက်မှာ နောက်ကျကျန် ရစ်ခဲ့နိုင်တယ်''ဟု ဦးစိုင်းထွန်းဝင်းက မြန်မာတောင်သူများအတွက် အသိပေးစကား ပြောကြားသည်။

 

ကမ္ဘောဒီးယားနိုင်ငံတွင် လျှိုမြောင်များကိုပိတ်၍ ရေအား လျှပ်စစ်ကို တရုတ်နိုင်ငံက ပြုလုပ်ပေးသောကြောင့် ရေကောင်းစွာရရှိသည့်အတွက် ယခုအခါ အစိုးရနှင့် တောင်သူများ ပူးပေါင်းပြီး ဧကသောင်းချီ၍ သရက်ပင်များ စိုက်ပျိုးပြီးဖြစ်ကာ တရုတ်နိုင်ငံ၏ သရက်သီးဈေးကွက်ကို ထိုးဖောက်နိုင်ရန် ဆောင်ရွက်နေပြီဖြစ်ကြောင်းလည်း သိရသည်။

 

လက်ရှိတွင် တရုတ်နိုင်ငံမှတစ်ဆင့် ကမ္ဘာ့ဈေးကွက်သို့တိုင် ဖြန့်ချိလျက်ရှိသည့် စိန်တစ်လုံးသရက်သီးဈေးကွက်တွင် တရုတ်(ဟိုင်နန်ကျွန်း)၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ လာအိုနှင့် ထိုင်းနိုင်ငံတို့က ဈေးကွက်ရရှိရန် အပြိုင်အဆိုင် ကြိုးပမ်းလျက်ရှိနေပြီး မြန်မာနိုင်ငံအနေဖြင့်မူ ဈေးကွက်တွင် မျက်နှာပန်းလှ နေရာရထားပြီးဖြစ်ရာ ရရှိထား သောအခွင့်အရေးကို ဆက်လက်ထိန်းချုပ်ထားနိုင်ရန်နှင့် တရုတ်နိုင်ငံ၏ သရက်သီးဈေးကွက်တွင် ထိပ်ဆုံးမှ ဆက်လက်ရပ်တည်နိုင်ရန်အတွက် ပို့ကုန်ထုပ်ပိုးမှုအပိုင်းတွင် အဆင့်မြှင့်တင်မှုများ အမြန်ဆုံးဆောင်ရွက်ရန် လိုအပ်နေကြောင်း နယ်စပ်ကုန်သွယ်ရေးရှိ သစ်သီးကုမ္ပဏီများနှင့် ဒိုင်များက မြန်မာ့သရက်သီးအနာဂတ်အတွက် သတိပေး တိုက်တွန်းလျက်ရှိသည်။ ။

 

သန်းထိုက်