ရှင်မတောင်တောင်ခြေအနီးရှိ ကျေးရွာများတွင် သဘာဝဆားခါးချက်လုပ်ငန်း တိမ်ကောလုနီးဖြစ်

ရေစကြို  ၁၅  ဇန်နဝါရီ

 

ပခုက္ကူခရိုင် ရေစကြိုမြို့နယ် ရှင်မတောင်တောင်ခြေအနီးရှိ ကျေးရွာများတွင် သဘာဝဆားခါးမြေကြီးကို ဆားခါး ချက်လုပ်ခြင်းလုပ်ငန်း တိမ်ကောလုနီး ဖြစ်လာနေကြောင်း သိရသည်။

 

ရှင်မတောင် တောင်ခြေအနီးရှိ ကျောက္ကာကျေးရွာနှင့် ချင်းယားကုန်း ကျေးရွာတို့သည် ဘိုးဘွားအစဉ်အဆက် ဆားခါးချက် လုပ်ခဲ့ကြသော်လည်း ယခုအခါ သဘာဝဆားခါးမြေ လျော့နည်းလာခြင်း၊ ဆားခါးချက်လုပ်ရောင်းချ ရခြင်းမှာ ငွေဝင်နည်းပါးခြင်း၊ အခြားဝင်ငွေကောင်းသည့် လုပ်ငန်းများကို ပြောင်းလဲလုပ်ကိုင်လာခြင်းတို့ကြောင့် ဆားခါးချက်လုပ်ငန်း တိမ်ကောပျောက်ကွယ်လုနီး ဖြစ်လာရကြောင်း သိရသည်။

 

“ဆားခါးမြေက အရင်ကလို သိပ်မပေါက်တော့ဘူး။ ဒီနှစ်ပိုင်းတွေမှာ မိုးရာသီကလည်း အရင်လိုမမှန်တော့ဘူး။ မိုးခေါင်တော့ ဆားခါးသိပ်မပေါက်ဘူး။ ကန္တာရပင်တွေ ပိုပိုပေါက်လာတော့ ဆားခါးမြေ သိပ်မရှိတော့ဘူး။ ဆားခါးက ဈေးလည်းသိပ်မရဘူး။ ဆားခါးချက်ရတာလည်း ပင်ပန်းတော့ သိပ်မချက်ကြတော့ဘူး။ မိန်းကလေးတော်တော်များများ ကတော့ ရက်ကန်းရက်တာပဲ ပြောင်းလုပ် ကြတာ များလာတယ်” ဟု ဆားခါး ချက်လုပ်သူ ဒေါ်ခင်မာက ပြောသည်။

 

အဆိုပါကျေးရွာများမှ ဒေသခံများသည် နွေရာသီနှင့် ဆောင်းရာသီများတွင် ရှင်မတောင်တောင်ခြေတစ်ဝိုက် တောစပ်များတွင် မြေကြီးထဲမှ ပွင့်သောဆားခါးမြေများကို တူရွင်းဖြင့်ခြစ်ယူကာ ရေအိုးဖင်ကို မန်ကျည်းစေ့ခန့် အပေါက်ဖောက်ထားသော ရေအိုးများအတွင်း ဖွဲ၊ သဲ၊ သဲမြေ၊ ဆားခါးမြေနှင့် ရေတို့ကို တစ်လွှာချင်းစီထည့်ပြီး ရေအိုးဖင်မှ ပြန်ကျလာသည့် ဆားခါးရည်ကို ပြန်ယူကာ ရေခန်းအောင်ချက်လုပ်ခြင်းဖြင့် ဆားခါးကို ရယူ ရောင်းချကြလေ့ရှိကြောင်း သိရသည်။

 

“ဆားခါးက မိုးမှန်မှ ပိုပေါက်တာ။ ကျွန်မတို့ငယ်ငယ်တုန်းက တစ်နေ့ကို ဆားခါးပိဿာချိန် ၃၀ လောက်ရတယ်။ အခု တစ်နေ့ကို ရှစ်ပိဿာလောက်ပဲ ရတော့တယ်။ ဆားခါးမြေကလည်း ရှားသွားတယ်”ဟု ကျောက္ကာကျေးရွာမှ အသက် ၆၀ အရွယ်ရှိ ဆားခါးချက်လုပ်သူတစ်ဦးက ပြောသည်။

 

ယခုနှစ်များအတွင်းတွင် ဆားခါးမြေမှာ ကန္တာရပင်များပေါက်ရောက်မှုကြောင့် ဆားခါးပွင့်မှု နည်းပါးလာသကဲ့သို့ ဆားခါးဈေးနှုန်းသည်လည်း တစ်ပိဿာလျှင် ဒိုင်ကောက်သည့်ဈေးမှာ ငွေကျပ်ကျပ် ၃၅၀ သာရရှိပြီး လက်လီဈေးမှာ ငွေကျပ်ကျပ် ၅၀ဝ သာရရှိကြောင်း သိရသည်။

 

“ဆားခါးရအောင် မြေကြီးတွေ၊ ရွှံ့တွေ ကိုင်ရတာလေ။ နေ့တိုင်း ပေပေတူးတူးဖြစ်နေတာပေါ့။ ဆားခါးရအောင် ထင်းမီးနဲ့ ဆားခါးရေတွေကို ခန်းအောင် ချက်ရတာလည်း အပူကြီးထဲ ချက်ရတာပေါ့။ ထင်းကိုလည်း တောထဲက အပင်လေးတွေ လိုက်ရှာပြီး ခုတ်ရတာ။ လက်တွေလည်း ပေါက်ပြဲလို့။ ဆားခါးဈေးကလည်း သိပ်မရတော့ ဘယ်သူမှ မချက် ချင်ကြတော့ဘူးလေ။ အရင်ကတော့ တစ်ရွာလုံးချက်ကြတာပေါ့။ အခုတော့ နှစ်ရွာပေါင်းမှ ၁၄ ဦး၊ ၁၅ ဦးလောက်ပဲ ကျန်တော့တယ်” ဟု ချင်းယားကုန်း ကျေးရွာမှ ဆားခါးချက်လုပ်သူတစ်ဦးက ပြောသည်။

 

ဆားခါးချက်လုပ်ခြင်းမှာ ပင်ပန်းခြင်း၊ ဆားခါးဈေးမကောင်းခြင်း၊ ဆားခါးမြေရှားလာခြင်းတို့ကြောင့် ရက်ကန်း မရက်နိုင်သည့် အသက် ၆၀ ကျော်အရွယ်ရှိ အမျိုးသမီးအချို့သာ ဆက်လက် လုပ်ကိုင်လျက်ရှိသည်။ အသက် ၆၀ အောက် အမျိုးသမီးများမှာ ကျေးရွာတွင်း နေအိမ်၌ပင် ရက်ကန်းရက်လုပ်ကြတော့ကြောင်း သိရသည်။

 

သဘာဝဆားခါးမြေများမှ ချက်ယူရရှိသည့် ဆားခါးကို အနီးအနားမှ ကျေးရွာများတွင် တိရစ္ဆာန်ကျွေးရန် လာရောက်ဝယ်ယူကြပြီး ကျေးရွာအတွင်းမှ ဆားခါးဖောက်သည်ဝယ်ယူသည့်ဒိုင်မှ ပခုက္ကူ၊ ရန်ကုန်၊ ဟင်္သာတ စသည့်မြို့နယ်များသို့ တင်ပို့ရောင်းချ ကြသည်။ ဆားခါးကို များသောအားဖြင့် တိရစ္ဆာန်ကျွေးရန်နှင့် ပရဆေးဖော်ရာတွင် အသုံးပြုမှုများကြောင်း သိရသည်။

 

အိမွန်ဆွေ (ရေစကြို)