တရုတ်-အမေရိကန်နှစ်နိုင်ငံ ကုန်သွယ်ရေးဆိုင်ရာ အငြင်းပွားမှုများ ဆွေးနွေး

တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ်လျိုဟဲသည် ဒီဇင်ဘာ ၁၁ ရက်က အမေရိကန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာနဝန်ကြီး စတီဗင်မန်နျူချင်နှင့် ကုန်သွယ်ရေးတာဝန်ခံ ရောဘတ်လိုက်တီဇာတို့နှင့် တရုတ်-အမေရိကန်နှစ်နိုင်ငံကြား ကုန်သွယ်ရေးဆိုင်ရာ အငြင်းပွားမှုများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

တရုတ်-အမေရိကန် ကုန်သွယ်ရေးဆိုင်ရာဆွေးနွေးပွဲ၏ လက်ရှိအဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူထားသူ လျိုဟဲက ဒီဇင်ဘာ ၁၁ ရက် နံနက်ပိုင်းတွင် စတီဗင်မနျူချင်နှင့် လိုက်တီဇာတို့အား ဖုန်းဖြင့်ဆက်သွယ်ပြီး နှစ်နိုင်ငံခေါင်းဆောင်များ မကြာသေးမီက ရရှိခဲ့သည့် သဘောတူညီချက်များကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ပြောကြားခဲ့ကြောင်း တရုတ်နိုင်ငံ စီးပွားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ဖုန်းဖြင့်ဆွေးနွေးခဲ့စဉ်အတွင်း ကုန်သွယ်ရေးဆွေးနွေးပွဲ ဆက်လက်ဆောင်ရွက်သွားရန် အချိန်ဇယားနှင့် လမ်းပြမြေပုံကို တရုတ်-အမေရိကန် နှစ်ဖက်စလုံးက အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း သိရသည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် အမေရိကန်နိုင်ငံသမ္မတ ဒေါ်နယ်ထရမ့်တို့သည် ဒီဇင်ဘာ ၁ ရက်က အာဂျင်တီးနားနိုင်ငံတွင် ပြုလုပ်သည့် ဆွေးနွေးပွဲတစ်ပွဲ၏ ညစာစားပွဲတစ်ခုတွင် နှစ်နိုင်ငံစီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ခေါင်းဆောင်နှစ်ဦးသည် အဆိုပါ ဆွေးနွေးပွဲတွင် နှစ်နိုင်ငံ အရေးပါသော သဘောတူညီချက်များလည်း ရရှိခဲ့ကြောင်း သိရသည်။ 

ဆင်ဟွာ