''ချူဆီ'' ရုပ်ရှင်ဇာတ်ကား စက်တင်ဘာ ၁၄ ရက်မှစတင်၍ မြန်မာတစ်နိုင်ငံလုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံကြီးများတွင် ပြသသွားမည်

mdn

ရန်ကုန်  ၆ စက်တင်ဘာ 

 

အောင်ခေတ်မင်း ရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်ပြီး ဒါရိုက်တာ အကယ်ဒမီမင်းဦး ရိုက်ကူးသည့် ''ချူဆီ'' ရုပ်ရှင်ဇာတ်ကား စာနယ်ဇင်းအကြိုမိတ်ဆက်ပွဲ အခမ်းအနားကို စက်တင်ဘာ ၅ ရက်ညပိုင်းက ရန်ကုန်မြို့ သမ္မတရုပ်ရှင်ရုံ၌ပြသခဲ့ပြီး စက်တင်ဘာ ၁၄ ရက်မှစတင်ကာ မြန်မာတစ်နိုင်ငံလုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံကြီးများတွင် ပြသသွားမည်ဖြစ်ကြောင်း သိရသည်။ 

 

''ချူဆီ'' ရုပ်ရှင်ဇာတ်ကားတွင် ကျော်ထက်အောင်၊ အကယ်ဒမီ မယ်လိုဒီ၊ အေးမြတ်သူ၊ အိချောပို၊ မေ၊ နန်းဆုဦးနှင့် အနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်ထားပြီး နန်းတော်အမည်ရှိ လူကုံထံသူဌေးများ၊ လုပ်ငန်းရှင်၊ စီးပွားရေးသမား၊ ယောင်္ကျားများ အရွယ်ရွယ်အစားစား ကျင်လည်ကျက်စားတက်သည့် ကာရာအိုကေဆိုင်တစ်ခုသို့ ''မြကလေး'' အမည်ရှိ ကျေးတောသူလေးတစ်ဦး အလုပ်လုပ်ရန် စတင်ရောက်ရှိလာချိန်မှစပြီး ဇာတ်လမ်းကို ဖွင့်ထားသည်။

 

ဒါရိုက်တာ အကယ်ဒမီမင်းဦး က '' ပထမဆုံးဒါရိုက်တာလုပ်ပြီး ရိုက်တဲ့ကားဆိုတော့ နည်းနည်းတော့ ရင်တုန်တာပေါ့။ အခက်အခဲတွေကတော့ အများကြီးပါပဲ။ မင်းသမီးငါးယောက် မင်းသားတစ်ယောက်ဆိုတော့ ရက်နည်းနည်း ညှိရတာကလွဲလို့ ကျန်တာအဆင်ပြေပါတယ်။ ဒီဇာတ်ကားက မိန်းကလေးတွေဘက်က ရိုက်ထားတာပါ။ မက်ဆေ့ပေးချင်တာက လူတစ်ယောက်ကို သူရဲ့အလုပ်အပေါ်မှာကြည့်ပြီးတော့ ဆုံးဖြတ်လို့မရဘူးဆိုတာ မက်ဆေ့ပေးချင်တာပါ။” ဟုပြောသည်။ 

 

သရုပ်ဆောင် ကျော်ထက်အောင်က '' ဒီဇာတ်ကားမှာ ကေတီဗွီက ဂျာကြီးအဖြစ် သရုပ်ဆောင်ထားပါတယ်။ ကောင်မလေးတွေနဲ့ အရှုပ်အယှက်လေးတွေပါမယ်။ ပြဿနာဖြေရှင်းပေးတာ တွေပါမယ်။ အဲဒီလို ကာရိုက်တာလေးပါ။ ဒီဇာတ်ကားက မင်းသမီးတွေလည်း အများကြီးပါတယ်။ ကျွန်တော်တစ်ယောက်တည်း  ဦးဆောင်ရတဲ့ ကားလည်းဖြစ်တယ်။  ဒီကားမှာ ဇာတ်က ဦးဆောင်သွားပါတယ်။ အစုအဖွဲ့ပုံစံနဲ့ လုပ်ခဲ့တာပါ။ ကိုမင်းဦးရဲ့ ပထမဆုံးကား ဖြစ်တာလည်း ပါတယ်။ ကိုမင်းဦး ကြိုးစားထားတာလည်း အရာထင်မှာပါ။ အမှတ်တရတွေက အများကြီးပါပဲ” ဟု ပြောသည်။

 

သရုပ်ဆောင် အကယ်ဒမီ မယ်လိုဒီက '' ဒီဇာတ်ကားမှာ ကေတီဗွီမှာ လုပ်သက်ကြာတဲ့ အမျိုးသမီး တစ်ယောက်အနေနဲ့ သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားကို ပရိသတ်ကြည့်ရင်တော့ အချိန်ကုန် ငွေကုန်ရကျိုးနပ်မှာပါ။ ဒီဇာတ်ကားမှာ ရယ်စရာလေးတွေလည်းပါတယ်။ ငိုစရာလေးတွေလည်းပါတယ် '' ဟု ပြောသည်။

 

သရုပ်ဆောင် အေးမြတ်သူ က '' ဇာတ်ကားသစ်ရိုက်တိုင်း ရင်ခုန်တယ်။ စိတ်လှုပ်ရှားတယ်။ ဒီဇာတ်ကားမှာ သရုပ်ဆောင်ပိုင်းအများကြီး လုပ်ခွင့်ရတယ်။ ဒီဇာတ်ကားထဲက မထက် ကာရိုက်တာ မလွတ်သွားအောင် ကြိုးစားထားပါတယ်။ ဦးမင်းဦးက ဒါရိုက်တာ အသစ်ဆိုပေမယ် သရုပ်ဆောင်တွေပေါ် နားလည်ပေးနိုင်တယ်။ သရုပ်ဆောင် တစ်ယောက်ရဲ့ စိတ်ကိုနားလည်တယ်။ ဘယ်လိုဖြစ်ရမယ် ဆိုတာသိတယ်။ ဒါရိုက်တာ တစ်ယောက်အနေနဲ့ သင်ပေးတာ မဟုတ်ဘဲ သရုပ်ဆောင်အချင်းချင်း သင်ပေးသလို ဖြစ်တဲ့အခါကျတော့ သဘောကျတယ်။ ပိုပြီးထိုးထွင်းပေါက်မြင်တယ်။ ပျော်ရွင်စွာနဲ့ပဲ တက်ညီလက်ညီလုပ်နိုင်ခဲ့ကြတယ်ဟု ပြောသည်။

 

သရုပ်ဆောင် အိချောပို က '' ဒီဇာတ်ကားမှာ ကေတီဗွီမှာ အလုပ်လုပ်တဲ့ မိန်းကလေးတစ်ယောက် ပုံစံမျိုးပါ။ ရွာကတက်လာတဲ့ မိန်းကလေး၊ မိသားစုအခြေအနေမကောင်းလို့ အလုပ်တက်လုပ်တာ။ ဒါပေမယ့် ရိုးသားတယ်။ ကြောက်လည်းကြောက်တတ်တယ်။ အားလုံးထဲမှာ ထစ်ခနဲရှိ ငိုမယ်ဆိုတဲ့ ပုံစံလေးပါ။ ဇာတ်လမ်းလေးကလည်း ဆန်းပါတယ်။ ဇာတ်ကားက ပညာပေးပုံစံပါတယ်။ မိန်းကလေးတွေရဲ့ ဘဝတွေတချို့လည်း ဘဝမပျက်ချင်ဘဲပျက်ခဲ့ရတယ်။ တစ်ချို့လည်း ကိုယ့်ဘဝကိုယ် ရပ်တည်နိုင်အောင် ကြိုးစားတယ်။ အဲဒီလို ပုံစံလေးပြထားတဲ့အတွက် မိန်းကလေးတွေလည်း ခွန်အားဖြစ်စေတယ် '' ဟု ပြောသည်။

 

သတင်း/မင်းသစ်(MNA)

 

ဓာတ်ပုံ/သန့်စင်မင်း