ကိုကျော်စွာ (ကျိုက်ပိ)
မိမိတို့နိုင်ငံမှာ ငှက်မျိုးစိတ်အများအပြားရှိပါတယ်။ မျိုးစိတ်ပေါင်း ၁၁၃၀ လောက်ရှိတယ်လို့ မှတ်သားရပါတယ်။ ဒေသရင်း ငှက်တွေရှိသလို ဆောင်းခိုငှက်တွေလည်း လာရောက်လေ့ရှိတယ်။ ယခုရာသီကလည်း မိုးကုန်လုဖြစ်နေပြီ။ မကြာခင်ဆောင်းဝင်လာတော့မှာမို့ ဆောင်းခိုငှက်တွေ ရောက်လာတော့မှာ ဖြစ်ပါတယ်။ တချို့ဒေသတွေမှာဆိုရင်တော့ ဝင်ရောက်စပြုလာပြီလို့လည်းသိရတယ်။ မြန်မာနိုင်ငံမှာ အချို့သောမျိုးရင်းငှက် မျိုးစိတ်တွေ ပျောက်ကွယ်လုဖြစ်လာနေတယ်လို့ ငှက်ပညာရှင်အချို့က ဖော်ထုတ်ထားကြပြီး ဆောင်းခိုငှက် မျိုးစိတ်ပေါင်း ၅၀ လောက်ကလည်း မျိုးသုဉ်းလုနီးပါးအန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။ ဥပမာအားဖြင့် ငှက်ကြီးဝန်ပို ကဲ့သို့ ငှက်မျိုးပေါ့။ ငှက်ကြီးဝန်ပိုငှက် အကြောင်းကို ရေးသားခဲ့ပြီး ဖြစ်ပါတယ်။
အခုလည်း ငှက်ကြီးဝန်ပိုတွေလိုပဲ ကြိုးကြာခေါင်းနီ ငှက်မျိုးစိတ်မျိုးမှာလည်း မျိုးသုဉ်းလုနီးပါးအန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်လို့သိရပါတယ်။ ကြိုးကြာငှက်က အသံအလွန်သာပြီး ဝေဟင်အမြင့်ကနေ အော်မြည်ရင်တောင် သာယာတဲ့အသံကို ကြားရနိုင်ပါတယ်။ ဒါကြောင့်ထင်ပါရဲ့ တူရိယာသံစဉ်တွေမှာ ကြိုးကြာသံဆိုပြီး သံစဉ်တစ်မျိုး ထည့်သွင်းထားပုံရပါတယ်။ ကြိုးကြာက ငှက်ကြီးစာရင်းဝင် ငှက်မျိုးဖြစ်ပြီး ခန္ဓာကိုယ်က ဘဲငန်းသာသာသာ ရှိပါတယ်။ ခြေထောက်ရှည်ပြီး နှုတ်သီးလည်း ရှည်ပြီးချွန်ပါတယ်။ ခေါင်းတစ်ခုလုံးမှာ အနီရောင်အမွှေးတွေရှိပြီး မိုင်ပေါင်း များစွာလည်း ပျံသန်းနိုင်တယ်လို့ ဆိုကြပါတယ်။
ကမ္ဘာပေါ်မှာ ကြိုးကြာငှက်မျိုးစိတ် ၁၅ မျိုးလောက်ရှိတယ်လို့ သိရတယ်။ အရှေ့တောင်အာရှတစ်ခွင်မှာ ကြိုးကြာမျိုးစိတ် လေးမျိုးရှိပြီး မြန်မာ နိုင်ငံမှာတော့ မျိုးစိတ် သုံးမျိုးရှိတယ် လို့ သိရပါတယ်။ ထိုမျိုးစိတ်သုံးမျိုး က မျိုးသုဉ်းလုနီးအန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ ကြိုးကြာခေါင်းနီရယ်၊ ကြိုးကြာခေါင်းမည်းနဲ့ ကညာကြိုးကြာဆိုပြီး သုံးမျိုးရှိပါတယ်။ အများဆုံး တွေ့ရတာကတော့ ကြိုးကြာခေါင်းနီနဲ့ ကြိုးကြာ ခေါင်းမည်းတို့ ဖြစ်ပါတယ်။ ကြိုးကြာ ခေါင်းနီက ဆောင်းခိုငှက်မျိုးမဟုတ်ကြပါဘူး။ ဆောင်းခိုငှက်ဆိုတာ တောင်စွယ်တောင်တန်းတွေကို ဖြတ်ကျော်ပျံသန်းရင်း ဆောင်းရာသီမှာ ခဏဝင်ရောက် နားခိုကြခြင်းဖြစ်တယ်။ ကြိုးကြာခေါင်းနီကတော့ ထိုကဲ့သို့ ဆောင်းခိုငှက်မျိုးမဟုတ်ပဲ။ ဒေသမျိုးရင်းငှက်တစ်မျိုးဖြစ်တယ်။ အကောင်အရွယ်အစားမှာ ကြီးမားလှတယ်။ ခြောက်ပေ၊ ခုနစ်ပေခန့်ရှိပြီး အကောင်ကြီးလို့ ပျံသန်းရာမှာ အခြားငှက်များကဲ့သို့ ချက်ချင်း ထမပျံနိုင်ပါဘူး။ လေယာဉ်ကဲ့သို့ ပြေးလမ်းပေါ်မှာ အရှိန်ယူပြေးပြီးမှ ခြေကန်အားနဲ့ ပျံသန်းကြပါတယ်။ ဦးခေါင်းနဲ့ ခြေထောက်တွေမှာ အနီရောင်ရှိသလို ခန္ဓာကိုယ်ကတော့ မီးခိုးရောင်ဖြစ်ပါတယ်။ ကြိုးကြာခေါင်းနီ ဥတွေက အစိမ်းရောင်သန်းတဲ့ အဖြူရောင်ဥတွေဖြစ်ပါတယ်။ ဥကသုံးလုံးဥလေ့ရှိပြီး ကျွန်တော်တို့ ဧရာဝတီတိုင်းဒေသကြီး ဘက်မှာတော့ စားကျက်ကွင်းတွေမှာ အများဆုံးတွေ့ရလေ့ရှိပါတယ်။ နှစ်ကောင်စီ အတူတွဲတွေ့ရလေ့ရှိသလို မိုးရာသီမှာ အများဆုံးမြင်ရပါတယ်။ ကြိုးကြာနီတွေ ကျက်စားတာက အင်းအိုင် တွေနဲ့ ရေဖွေဖွေး လယ်ကွင်းပြင်တွေမှာပါ။
မိုးရာသီမှာအသိုက်ပြုလုပ်ပြီး ဥဥလေ့ ရှိပါတယ်။ အသိုက်ပြုလုပ်ရာမှာတော့ ကျူရိုး၊ ကိုင်းရိုး၊ ကောက်ရိုးတို့နဲ့ ပြုလုပ် ကြပါတယ်။ ကြိုးကြာနီဥက ၂ ဒသမ ၄ လက်မ ကနေ ၂ ဒသမ ၈ လက်မခန့်ရှိတတ် ပါတယ်။ အကောင်ပေါက်ရဲ့ အမွှေးက နီညိုရောင်ဖြစ်ပြီး အကောင်ကြီးမှ မီးခိုး ရောင် ပြောင်းသွားတယ်။ ဥဥပြီး တစ်လ အကြာမှာ သားပေါက်ပါတယ်။ အမွှေး အတောင်စုံပြီး အရွယ်ရောက်ဖို့ ၅၅ ရက် ကြာတယ်လို့ သိရပါတယ်။
ကြိုးကြာဥ ဒါမှမဟုတ် ကြိုးကြာသားကို စားသောက်မိရင် အန္တရာယ်ဖြစ်စေတယ်လို့ ယုံကြည်ကြသူတွေ ရှိပေမယ့် အခုလို မျိုးသုဉ်းမယ့်အန္တရာယ်ကျရောက်နေခြင်းက ဖမ်းယူသတ်ဖြတ်စားသုံးမှု များပြားလာလို့သာ ဖြစ်ပါတယ်။ နောက်ထပ် မျိုးသုဉ်းရခြင်းရဲ့ အကြောင်းအချင်းအရာတစ်ရပ်ကတော့ လယ်မြေတွေ ချဲ့ထွင်လာခဲ့ကြတဲ့အတွက် အသိုက်ဆောက်လုပ်ဖို့ ခက်ခဲလာကြပြီး သူတို့ရှင်သန်ရာနေရာ နည်းပါးလာတာ၊ လယ်ကွင်းတွေမှာ ဓာတုဆေးတွေ အလွန်အကျွံ သုံးစွဲတာတွေကြောင့် ဖြစ်ပါတယ်။ ဒါကြောင့်ပဲ အပြည်ပြည်ဆိုင်ရာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့က ကြိုးကြာခေါင်းနီတွေကို မျိုးသုဉ်းမယ့် အန္တရာယ် ကျရောက်နိုင်တဲ့အဆင့် သတ်မှတ်ပေးထားရတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ကြိုးကြာခေါင်းနီကို ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ဧရာဝတီ တိုင်းဒေသကြီးတွေမှာ အများဆုံးတွေ့ကြ ရပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၁၅ ခုနှစ်ကစတင်ပြီး ကြိုးကြာခေါင်းနီဆိုင်ရာ ကွင်းဆင်း လေ့လာသုတေသနပြုစုခြင်း တွေ စတင်ဆောင်ရွက်ခဲ့တယ်လို့ သိရှိရပါတယ်။ ကြိုးကြာခေါင်းနီမျိုးစိတ်က မျိုးသုဉ်းမှုအန္တရာယ်နဲ့ နီးကပ်လာနေလို့ လုံးဝမဖမ်းဆီးရ သတ္တဝါစာရင်းထဲမှာ ထည့်သွင်းပြီး ဥပဒေနဲ့ အကာအကွယ်ပေး ထားပါတယ်။
ကြိုးကြာခေါင်းနီတွေ ဘာကြောင့်ရှားပါးလာရပါသလဲ။ ဘယ်အကြောင်း တွေကြောင့်ဆိုတဲ့ အချက်တွေကို သိရှိ ထားဖို့ လိုအပ်ပါတယ်။ အဓိကအကြောင်း အရင်းတွေဖြစ်တဲ့ လယ်ယာမြေ ချဲ့ထွင်တာတွေ၊ ငါးကန်တွေ တူးဖော်တာတွေ၊ ပိုးသတ်ဆေး၊ ဓာတုဆေးတွေနဲ့ မြေဩဇာ အလွန်အကျွံ သုံးစွဲတာတွေကို ဆင်ခြင်သင့်ပါတယ်။
သက်ရှိ မျိုးစိတ်တွေရှားပါးလာတာ လူတွေရဲ့ ပယောဂမကင်းပါဘူး။ ကြိုးကြာခေါင်းနီမျိုးစိတ် ရှားပါးမျိုးသုဉ်းမယ့် အန္တရာယ်ကျရောက်လာတာ လူတွေကြောင့်ပဲဖြစ်ပါတယ်။ ဘယ်လိုတားဆီးမလဲ ဆိုရင်တော့ အထက်ဖော်ပြပါအချက်တွေကို သတိထားရှောင်ကြဉ်ရင်း ရှားပါးမျိုးစိတ်တွေကို ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ကြပါစို့လို့ တိုက်တွန်း လိုက်ရပါတယ်။ ။