ဆိုးလ် ဒီဇင်ဘာ ၂၉

ယနေ့နံနက်ပိုင်းက တောင်ကိုရီးယားနိုင်ငံ အနောက်တောင်ပိုင်းတွင် တောင်ကိုရီးယားပိုင် လေယာဉ် တစ်စင်းပျက်ကျခဲ့ရာ လေယာဉ်ပေါ်လိုက်ပါလာသည့် ခရီးသည်များအနက် နှစ်ဦးကို ကယ်တင်ခဲ့ပြီး ကျန်အများစုမှာ သေဆုံးသွားမည်ဟုယုံကြည်ကြောင်း ဒေသဆိုင်ရာမီးသတ် အာဏာပိုင်များက ပြောကြားသည်။

တောင်ကိုရီးယားနိုင်ငံသား ၁၇၃ ဦး၊ ထိုင်းနိုင်ငံသား နှစ်ဦးနှင့် လေယာဉ်အမှုထမ်းခြောက်ဦး အပါအဝင် ခရီးသည် ၁၇၅ ဦး လိုက်ပါလာသည့် ခရီးသည်တင် လေယာဉ်တစ်စင်းသည် မြို့တော်ဆိုးလ်မှ အနောက်တောင်ဘက် ကီလိုမီတာ ၂၉၀ ခန့်အကွာရှိ မွန် (Muan) အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ဆင်းသက်ရန် ကြိုးပမ်းစဉ် ဒေသစံတော်ချိန်နံနက် ၉ နာရီ ၇ မိနစ်ခန့်က ပျက်ကျခဲ့ခြင်းဖြစ်သည်။

ကယ်တင်ခြင်းခံရသည့် ခရီးသည်နှစ်မှလွဲ၍ အသက် ၂၂ နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် အသက် ၂၅ နှစ် အရွယ် လေယာဉ်အမှုထမ်း အမျိုးသမီးတစ်ဦးတို့အပါအဝင် ခရီးသည် ၁၈၁ ဦးအနက် အများစုမှာ သေဆုံးသွားမည်ဟုယုံကြည်ရကြောင်း မွန် မီးသတ်ဌာန အကြီးအကဲက ရုပ်မြင်သံကြားမှ ထုတ်လွှင့် သည့်သတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် ပြောကြားသည်။ သို့သော် လေယာဉ်က အပြင်ဘက်နံရံနှင့် တိုက်မိ ခဲ့ပြီးနောက် ခရီးသည်များသည် လေယာဉ်ကိုယ်ထည်မှ လွှင့်စင်ခြင်းခံရခြင်းကြောင့် အသက်ရှင်ရန် အခွင့်အလမ်းနည်းနည်းပါးပါးရှိကြောင်း ၎င်းက မှတ်ချက်ပြုလိုက်သည်။

ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်အထိ ရရှိသည့်သတင်းအရ ခရီးသည်များအနက် ၈၅ ဦး သေဆုံးခဲ့ပြီး နှစ်ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။ နောက်ထပ် အသေအပျောက်စာရင်း  သိရှိနိုင်ရန် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိသည်။
ထိုင်းနိုင်ငံ ဗန်ကောက်မြို့မှ ထွက်ခွာလာသည့် တောင်ကိုရီးယား Jeju Air 7C 2216 လေယာဉ်သည် ပြေးလမ်းချော်ပြီး ပြေးလမ်း၏ အပြင်ဘက်နံရံကို ဝင်တိုက်ကာ လေယာဉ်ကိုယ်ထည် တစ်ဝက်ကျိုးပြီး မီးလောင်ခဲ့ကြောင်း သိရသည်။

အဆိုပါ မတော်တဆမှုမှာ ငှက်တစ်ကောင် တိုက်မိမှုကြောင့် ဖြစ်နိုင်ကြောင်း မီးသတ်အာဏာပိုင် များက ခန့်မှန်းထားသည်။

ကိုးကား - ဆင်ဟွာ
ဘာသာပြန်-ဂျေတီ