၂၀၁၈ ခုနှစ်အတွင်း ပဲမျိုးစုံတန်ချိန် ၁၄ သိန်းကျော်အထိ တင်ပို့နိုင်

ရန်ကုန် ၂ ဇန်နဝါရီ 

အိန္ဒိယနိုင်ငံ၏ ပဲတင်သွင်းမှု မူဝါဒအပြောင်းအလဲများကြောင့် မြန်မာ့ပဲဈေးကွက်အတွင်း ထိခိုက်နစ်နာ မှုများရှိခဲ့သော်လည်း ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းတွင် အိန္ဒိယနိုင်ငံ၏ ပဲလိုအပ်ချက်မြင့်မားလာသည့်အတွက် မြန်မာနိုင်ငံ ပဲတင်ပို့မှုမှာ ဆက်တိုက် အားကောင်းလာပြီး တန်ချိန် ၁၄ သိန်းကျော်အထိ တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

'' ၂၀၁၈ ခုနှစ် စက်တင်ဘာ၊ အောက်တိုဘာနဲ့ နိုဝင်ဘာလတွေမှာ မြန်မာနိုင်ငံရဲ့ အိန္ဒိယပဲဝယ်လိုအား ပြန်လည်အားကောင်းလာခဲ့ပါတယ်။ ဒီသုံးလမှာ မတ်ပဲတစ်မျိုးတည်းကို တန်ချိန် ၃၀ဝဝဝ၀ နီးပါး တင်ပို့နိုင်ခဲ့ပါတယ်။ ဈေးနှုန်းကလည်း တစ်တန်ကို ကျပ် ၄၀ဝဝဝ၀ ကျော်လောက်ကနေ ကျပ် ၁၀ သိန်းလောက်အထိ မြင့်တက်လာပါတယ်။ ခုရက် ပိုင်းမှာတော့ မတ်ပဲက တစ်တန်ကို ကျပ် ၇၈၀ဝဝဝ လောက်နဲ့ အရောင်းအဝယ်ရှိနေပါတယ်။ ပဲစင်းငုံ ဆိုရင်လည်း တစ်တန်ကို ကျပ်၈၅၀ဝဝဝ လောက် အထိ မြင့်တက်ခဲ့ပါတယ်။ ခုရက်ပိုင်းမှာတော့ ကျပ် ၇၃၀ဝဝဝ ကို ပြန်ဆင်းလာပါတယ်" ဟု မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း အတွင်းရေးမှူး ဦးမင်းကိုဦးက ပြောသည်။

၂၀၁၈ ခုနှစ် ဧပြီ ၁ ရက်မှ ဒီဇင်ဘာလကုန်အထိ မြန်မာနိုင်ငံ၏ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုမှာ စုစုပေါင်း တန်ချိန် ၁၄ သိန်းကျော်အထိ တင်ပို့နိုင်ခဲ့ကြောင်း၊ ယခင်နှစ် အလားတူကာလနှင့်နှိုင်းစာလျှင် တန်ချိန် ၁၅၀ဝဝဝ ခန့် ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း၊ အိန္ဒိယနိုင်ငံ သို့ အများဆုံးတင်ပို့ခဲ့ကြောင်း၊ Quality Market များဖြစ်သည့် အီးယူ၊ ထိုင်ဝမ်၊ ဂျပန်နှင့် တရုတ်သို့ လည်း နှစ်စဉ်တန်ချိန် ၃၀ဝဝဝ နှင့် ၄၀ဝဝဝ ကြား တင်ပို့နိုင်ခဲ့သည်။

ပြည်ပဈေးကွက်အနေဖြင့် လက်ရှိ မတ်ပဲတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၁၀ ဝန်းကျင်၊ ပဲစင်းငုံ တစ်တန်လျှင် ဒေါ်လာ ၄၈၀ ဝန်းကျင်နှင့် ပဲတီစိမ်း တစ်တန်လျှင် ဒေါ်လာ ၈၀ဝ မှ ၁၀ဝ၀ ကြား ဈေးရှိ ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံဘက်မှ ၂၀၁၈ ခုနှစ် ဇွန်၊ ဇူလိုင် နှင့် ဩဂုတ်လများအတွင်း မြန်မာနိုင်ငံမှ မတ်ပဲကို တန်ချိန် ၁၅၀ဝဝဝ၊ ပဲစင်းငုံကို တန်ချိန် ၂၀ဝဝဝဝ၊ ပဲတီစိမ်းကို တန်ချိန် ၁၅၀ဝဝဝ ဝယ်ယူရန် ဆုံးဖြတ်ခဲ့ သော်လည်း ဈေးနှုန်းမှာ မြင့်တင်လာမှုမရှိဘဲ မတ်ပဲ နှင့် ပဲစင်းငုံဈေးမှာ တစ်တန်လျှင် ကျပ် ၄၀ဝဝဝ၀ ကျော်သာရှိခဲ့သည်။

မြန်မာနိုင်ငံ၏ ပဲတင်ပို့မှုမှာ အိန္ဒိယနိုင်ငံ၏ ရာသီဥတုနှင့် ပဲစားသုံးမှုအပေါ်တွင် အဓိကတည်မှီလျက် ရှိရာ အိန္ဒိယနိုင်ငံဘက်မှ ပဲတင်သွင်းမှုဆိုင်ရာမူဝါဒ ပြောင်းလဲသွားမည်ကို မြန်မာပဲတင်ပို့သူများက စိုးရိမ်ပူပန်လျက်ရှိသည်။ 

မြင့်မောင်စိုး