အပစ်အခတ်ရပ်စဲရေး စတင်သက်ရောက်ပြီးနောက် ယီမင်ရှိ ဟိုဒေးဒါ၌ တည်ငြိမ်မှုရရှိ

ယီမင်နိုင်ငံတွင် အပစ်အခတ်ရပ်စဲရေး စတင်သက်ရောက်ပြီး တိုက်ပွဲဖြစ်ပွားလျက်ရှိသည့်ဘက်မှ အဖွဲ့ဝင်များ ပါဝင်သည့် အဖွဲ့တစ်ဖွဲ့က ဆွီဒင်၌ ဆွေးနွေးနေသည့် အပစ် ရပ်စဲရေး သဘောတူညီမှုကို စောင့်ကြည့်ထိန်းချုပ်မှုများ လုပ်ဆောင်ရန် ပြင်ဆင်လျက်ရှိရာ နိုင်ငံ၏ အချက်အချာဖြစ်သည့် ဟိုဒေးဒါ ဆိပ်ကမ်းမြို့တွင် တည်ငြိမ်လျက်ရှိကြောင်း သိရသည်။

 

လူထောင်ပေါင်းများစွာကို သေကျေပျက်စီးစေခဲ့ပြီး လူ ၁၄ သန်းကို အစာရေစာ ငတ်မွတ်စေခဲ့သည့် ယီမင်စစ်ပွဲအဆုံးသတ်စေရန် ကြိုးပမ်းရာတွင် အပစ်အခတ်ရပ်စဲရေး တည်တံ့မှုက အရေးကြီးသည့် ခြေလှမ်းတစ်ခု ဖြစ်သည်။

 

ညသန်းခေါင်အချိန်တွင် စတင်သက်ဝင်ခဲ့သည့် အပစ်အခတ်ရပ်စဲရေးကို ၂၄ နာရီအတွင်း သက်ဆိုင်သည့်အဖွဲ့များက လိုက်နာရမည်ဖြစ်ကြောင်း ကုလသမဂ္ဂ အာဏာပိုင်တစ်ဦးက ပြောကြားခဲ့သည်။

 

ပြန်လည်နေရာချထားရေး ပူးပေါင်းလုပ်ငန်းဆောင်ရွက်မှုကော်မတီတွင် ဆော်ဒီ ကျောထောက်နောက်ခံ ပေးထားသည့် အစိုးရအဖွဲ့ဝင်များနှင့်အီရန်က မဟာမိတ်ပြုထားသည့် ဟူသီသူပုန်များ ပါဝင်သော်လည်း ကော်မတီကို ကုလသမဂ္ဂက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ကြောင်း အမည်မဖော်လိုသူ အာဏာပိုင်တစ်ဦးက ပြောကြားခဲ့သည်။

 

နှစ်ဖက်လုံးမှ အဖွဲ့အစည်းများက ၎င်းတို့သည် အပစ်အခတ်ရပ်စဲရေး စာချုပ်ကို လိုက်နာလျက်ရှိကြောင်း ၎င်းက အေအက်ဖ်ပီ သတင်းဌာနသို့ ပြောကြားခဲ့သည်။ လေ့လာသူများသည် အပစ်အခတ်ရပ်စဲရေး အကောင်အထည်ဖော်မှု၊ စစ်မက်ဖြစ်ပွားနေသော အဖွဲ့နှစ်ဖွဲ့လုံး ဟိုဒေးဒါဆိပ်ကမ်းမြို့မှ ဆုတ်ခွာရေးနှင့်ဟူသီသူပုန်များ ယင်း ဆိပ်ကမ်းမြို့မှ ထွက်ခွာသွားမှုကို ကြီးကြပ်စောင့်ကြည့်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ကော်မတီဥက္ကဋ္ဌသည် ၂ဝ၁၄ ခုနှစ်က စတင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခအဆုံးသတ်ရေး အတွက် သံတမန်ရေးရာ ဆောင်ရွက်မှု တစ်စိတ်တစ်ပိုင်းအနေဖြင့် အပတ်စဉ်တိုင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီသို့ အခြေအနေအရပ်ရပ်ကို အစီရင်ခံသွားမည်ဖြစ်သည်။

 

အေအက်ဖ်ပီ