ဗီယက်နမ် နိုင်ငံ အလယ်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းသဖြင့် ရေလွှမ်းမိုးရာ ၂ ဦးသေဆုံး၊ ၃ ဦးပျောက်ဆုံးနေဆဲ

ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေလွှမ်းမိုးမှု ဖြစ်ပွားရာ ၂ ဦးသေဆုံး၊ ၃ ဦးပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း ပြည်တွင်း မီဒီယာက ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။

 

အဆိုပါ ရေလွှမ်းမိုးမှုကြောင့် ကွမ်ထရိုင်ပြည်နယ် ရှိ ၃၅ နှစ် နှင့် ၅၉ နှစ်အရွယ် အရွယ် အမျိုးသမီးကြီးနှစ်ဦး သေဆုံးခဲ့ကြောင်းနှင့် ကွမ်နမ်ပြည်နယ်ရှိ ၅၁ နှစ် နှင့် ၅၄ နှစ် အရွယ် အမျိုးသားကြီး ၂ ဦး၊ သူအာသိန်ဟူး ပြည်နယ်ရှိ ၁၉ နှစ်အရွယ် အမျိုးသားတစ်ဦး ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း သဘာဝဘေး အန္တရာယ် ကာကွယ်တားဆီးရေးနှင့် ထိန်းချုပ်ရေးဆိုင်ရာဗီယက်နမ် ဗဟိုဦးဆောင်ကော်မတီကို ကိုးကားပြီး ဗီယက်နမ် သတင်းဌာနက သတင်းထုတ်ပြန်ခဲ့ကြောင်း သိရသည်။

 

ထိုရေလွှမ်းမိုးမှုကြောင့် အိမ်ခြေပေါင်း ၄၆၀၀ ရေလွှမ်းမိုးခဲ့ပြီး  မိသားစု  ၃၂၃ ဦးကို ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း၊ စပါးခင်း ၉၁၀၀ ဟက်တာ နီးပါးနှင့် အခြားစိုက်ပျိုးသီးနှံ ၉၂၀ ဟက်တာ ပျက်စီးသွားခဲ့ပြီး ကြက်ငှက်ကျွဲနွား တိရစ္ဆာန်ကောင်ရေ ၁၆၃၀၀ နီးပါး သေဆုံးခဲ့ကြောင်း၊ ငါးသားဖောက်ကန် ၄၉၀ ဟက်တာနီးပါး ရေလွှမ်းမိုးခဲ့ပြီး ရေနုတ်မြောင်းများနှင့် ဆည်မြောင်းများ ၄၇ ဒသမ ၄ ကီလိုမီတာနှင့် လမ်းများ ၅၈ ဒသမ ၈ ကီလိုမီတာကျော် ပျက်စီးသွားခဲ့ကြောင်း ဖော်ပြထားသည်။

 

အလယ်ပိုင်းဒေသတွင် ပါဝင်သော ကွမ်ထရိုင်၊ ကွမ်နမ်၊ သူအာသိန်ဟူး၊ ကွမ်ငိုင်ပြည်နယ်နှင့် ဒါနွမ် မြို့တော်တို့တွင် ရေလွှမ်းမိုးမှုကြောင့် ပျက်စီးသွားသော လမ်းများ၊ မီးရထားလမ်းများ၊ရေနုတ်မြောင်းများနှင့် တူးမြောင်းများကို ပြန်လည် ပြင်ဆင်မှုများ လုပ်ဆောင်နေကြကြောင်း သိရသည်။

 

ကိုးကား ဆင်ဟွာ
ဘာသာပြန် မြင့်မြင့်ချို