ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ပြောကြားသည့် ၂၀၁၉ ခုနှစ် နှစ်သစ်ကူး နှုတ်ခွန်းဆက်အမှာစကား

၁   ဇန်နဝါရီ

 

ချစ်ခင်လေးစား အပ်ပါသော ပြည်ထောင်စုတိုင်းရင်းသား ညီအစ်ကို မောင်နှမများ ခင်ဗျား-

 

၂၀၁၉ ခုနှစ်ရဲ့ နှစ်သစ်ကူး အခါသမယမှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြတဲ့ နိုင်ငံသူ နိုင်ငံသားများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ကျက်သရေမင်္ဂလာ အဖြာဖြာနဲ့ ပြည့်စုံကြပါစေကြောင်း ဦးစွာဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။

 

၂၀၁၈ ခုနှစ် နှစ်ဟောင်းကုန်ဆုံးပြီး ၂၀၁၉ ခုနှစ် နှစ်သစ်ကို စတင်ရောက်ရှိချိန်မှာ တိုင်းရင်းသား မိဘ ညီအစ်ကို မောင်နှမများအားလုံး မျှော်လင့်တောင့်တတဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရေးအတွက် အရေးပါတဲ့ ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေး၊ ပြည်သူများရဲ့ လူမှုစီးပွားဘဝ ပိုမိုတိုးတက်ဖွံ့ဖြိုးရေးနဲ့ တရားဥပဒေ စိုးမိုးရေးတို့ကို အားကြိုးမာန်တက် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ကြပါစေလို့ ဆန္ဒပြုအပ်ပါတယ်။

 

ဒီလိုဆောင်ရွက်ရာမှာ တွေ့ကြုံကျော်ဖြတ်ရမယ့် စိန်ခေါ်မှုတွေ၊ အခက်အခဲတွေကို အခွင့်အလမ်းတွေအဖြစ် ပြောင်းလဲကာ ပြည်ထောင်စုစိတ်ဓာတ်ကို အရင်းခံပြီး စုပေါင်းအင်အားဖြင့် စည်းလုံးညီညွတ်စွာ ရင်ဆိုင်ဖြေရှင်း သွားကြဖို့ကိုလည်း အလေးအနက် တိုက်တွန်းလိုပါတယ်။

 

နိုင်ငံသူနိုင်ငံသား တိုင်းရင်းသား ညီအစ်ကို မောင်နှမများအားလုံး နှစ်သစ်မှာ အောင်မြင်တိုးတက်မှု ရလဒ်ကောင်းများ ရရှိပိုင်ဆိုင်နိုင်ကြပါစေ။