ကားဟောင်းတွေကိုသာ ပြုပြင်စီးကြရန် စိုင်းပြင်းနေသည့် ရန်ကုန်က ကားဝယ်လိုသူများ

mdn

မင်းသော်

 

မော်တော်ကား ဈေးနှုန်းများမှာ အတက်ဘက်တွင်သာ ဆက်လက် ရပ်တည်နေပြီး အစိုးရကလည်း အကောက်ခွန် မူဝါဒများအပေါ် ကန့်သတ်ချက်များနှင့် ရန်ကုန်လိုင်စင်အတွက် လုပ်ဆောင်ချက် အချို့ကြောင့် မော်တော်ကား ဝယ်ယူလိုသူ အချို့ကားဟောင်းများအပေါ် စိတ်လည်လာကြောင်း ဈေးကွက်အတွင်းမှ သိရှိရသည်။

 

ဈေးနှုန်းသက်သာသည့် နံပါတ်နိမ့် ရန်ကုန် လိုင်စင်ကားများကို စိတ်ဝင်စားသူ များပြားလာပြီး ယင်းကား အများစုမှာ ဈေးနှုန်း ငွေကျပ် သိန်း ၁၆ဝ မှ ၂ဝဝ အကြား မော်တော်ကားများ ဖြစ်ကြောင်း သိရသည်။ ယခုနှစ်တွင် စီအိုအီး စနစ်ဖြင့် ရန်ကုန်လိုင်စင်ကားများကို တင်သွင်းခွင့်ပြုမည်ဟု သတင်းစကားများ ထွက်ပေါ်လာပြီးချိန်မှ စတင်ကာ ကားအရောင်းအဝယ် ခေတ္တရပ်နားသွားခဲ့ပြီး နယ်လိုင်စင်ကားများကိုလည်း လုပ်ငန်းလိုင်စင်များ ချထားမပေးတော့ဟုလည်း သိရှိကြရသည့်အတွက် နယ်လိုင်စင် ဖရီးပါမစ် ကားများမှာ ဝယ်ယူသူမရှိ ဖြစ်ခဲ့ရသည်။

 

နယ်လိုင်စင် ကားများမှာ ဈေးကွက်အတွက် ရန်ကုန်လိုင်စင် ပေါက်ဈေးထက် ငွေကျပ် ငါးသိန်းမှ ငွေကျပ် သိန်း ၂ဝ အကြား ကွာခြား သော်လည်း အများစုမှာ ရန်ကုန် လိုင်စင်ကိုသာ ရယူထားလိုကြသည့် အတွက် နယ်လိုင်စင်များ အရောင်း အဝယ်မရှိသလောက် နည်းပါးနေခဲ့ခြင်း ဖြစ်သည်။

 

''ရန်ကုန်မှာက ဖရီးပါမစ်ကို ရန်ကုန် လိုင်စင်မပေးဘူး၊ နောက်ပိုင်း ရန်ကုန်မှာ နယ်လိုင်စင်ကားတွေ ပေါလာတယ်၊ ဈေးကလည်းကွာတော့ အများစုက နယ်လိုင်စင်ပဲ ဝယ်စီးနေကြတယ်၊ အခုတော့ နယ်လိုင်စင်တွေကို ကန့်သတ်ချက်တွေ လာတော့မယ် ကြားတဲ့အတွက် ရန်ကုန်လိုင်စင်ဘက် ပြန်လှည့်ကြတာ ဖြစ်ပါတယ်''ဟု ဈေးကွက်အတွင်းမှာ ဝယ်ရောင်းတစ်ဦးက ပြောသည်။

 

 

ငွေကြေး တတ်နိုင်သူများနှင့် ပုံမှန်လစဉ် အရစ်ကျ ပေးဆပ်ဝယ်ယူ နိုင်သူများကလည်း ရန်ကုန်လိုင်စင် ရရှိသည့် အရောင်းပြခန်းမှ ကားသစ်များကို ဝယ်ယူစီးနင်းကြပြီး အများစုမှာ တစ်ပတ်ရစ်ကားများကိုသာ ဝယ်ယူရန် ဆန္ဒရှိနေသည်ကို မြင်တွေ့ရသည်။

 

''ရန်ကုန် လိုင်စင်လည်း လိုချင်တယ်၊ ငွေလည်း များများ မသုံးနိုင်တော့ ကားကျလေး တွေကိုပဲ အာရုံရလာတယ်၊ ရှာရ တာကတော့ နည်းနည်းကြာတယ်၊ ဒါပေမယ့် ကိုယ်တတ်နိုင်တဲ့ ငွေနဲ့ ရန်ကုန်လိုင်စင်လည်း ရနိုင်တော့ စိတ်ရှည်ရတယ်''ဟု ရန်ကုန် လိုင်စင်ကားအဟောင်း ဝယ်ယူ ထားသူ တစ်ဦးကလည်း ပြောသည်။

 

သို့သော် ယင်းကားများသည် များသောအားဖြင့် ပြန်လည် ပြုပြင်ရတတ်ပြီး အမှန်တကယ် စီးနင်းလိုသူများအနေဖြင့် ဝယ်ယူ ရန်မသင့်ကြောင်း၊ ဝယ်ရောင်းများကသာ လက်ရှိ အရောင်းအဝယ် ဖြစ်စေရန် လက်ပြောင်း ဝယ်နေကြကြောင်း၊ ပြန်လည် ပြင်ဆင်ရသည့် စရိတ်မှာ မနည်းလှကြောင်း အရောင်းအဝယ်ပြု လုပ်သူတစ်ဦးက ဆိုသည်။ လက်ရှိတွင် ရန်ကုန်လိုင်စင်ဖြင့် တင်သွင်းလိုပါက ယာဉ်အို ယာဉ်ဟောင်းအပ်နှံသည့် စနစ်ဖြင့် ဝယ်ယူနိုင်ပြီး အများစုမှာ အင်ဂျင် ပါဝါ ၁၃ဝဝ စီစီ ဝန်းကျင် မော်တော် ကားများကို တင်သွင်းကြသည်။

 

လက်ရှိအချိန် နှစ်ဆန်းပိုင်း တစ်လကျော်လာသည်အထိ ဘယ်မောင်းကား များတင်သွင်းမှု မဖြစ်မြောက်သေးသည့် အခြေအနေများကြောင့် ညာမောင်း ဂျပန် တစ်ပတ်ရစ် ကားဈေးနှုန်းများသည်လည်း မြန်မြန်ဆန်ဆန် ကျဆင်းသွားမည့် အခြေအနေတွင် မရှိသေးကြောင်း ကားဈေးကွက် ကျွမ်းကျင်သူများကလည်း ထောက်ပြသည်။ ထို့ပြင် ၂ဝ၁၄ ခုနှစ် မော်ဒယ်နှင့် အထက်ကိုသာ တင်သွင်းရမည် ဖြစ်ခြင်းကြောင့် ဈေးကွက်မှာလည်း တင်သွင်းရန် လမ်းကြောင်းများ၊ နိုင်ငံများ ရွေးချယ်နေကြဆဲ ဖြစ်သည်။

 

စလစ်ဈေးနှုန်းမှာမူ ယခင် သီတင်း ပတ်အတိုင်း ငြိမ်သက်နေပြီး သက်တမ်း နှစ် ၂ဝ မော်တော်ကားများ အပ်နှံသည့် ယာဉ်အို ယာဉ်ဟောင်း အပ်နှံမှုစလစ် မှာ ငွေကျပ်သိန်း ၁၂ဝတွင် ငြိမ်သက် နေသည်ကို မြင်တွေ့ရသည်။     ။