ကျောက်မျက်အချောထည် တရားဝင် သယ်ဆောင်မှုများလာသည့်အတွက် အခွန်ပိုမိုရရှိဟုဆို

mdn

မန္တလေး  ၆ ဇွန် 

 

မန္တလေးမှ မူဆယ်သို့ ကျောက်စိမ်းကျောက်မျက် အချောထည်များကို တရားဝင်သယ်ဆောင်မှု ပိုမိုများပြားလာခြင်းကြောင့် အခွန်ငွေ ပိုမိုရရှိလာကြောင်း ကျောက်မျက်တူးဖော်ရေးဌာန (မန္တလေး) တွင် ဖွင့်လှစ်ထားသည့် One Stop Service  (OSS) ရုံးမှ သိရသည်။ 

 

ကျောက်စိမ်းကျောက်မျက် အချောထည်များအတွက် ကုန်စည်ခွန် ၅%ကို အမေရိကန်ဒေါ်လာဖြင့် အခွန်ကောက်ခံရာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာ နှစ်တွင် အမေရိကန်ဒေါ်လာ ၆၆၀,၆၈၂ ၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနစ်တွင်  အမေရိကန် ဒေါ်လာ ၉၈၂,၈၅၆ ရရှိခဲ့ကြောင်းသိရသည်။ 

 

မန္တလေးမှ မူဆယ်သို့ကျောက်စိမ်းကျောက်မျက် အချောထည်များကို တရားဝင်သယ်ဆောင်ရန် ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်မျက်လုပ်ငန်းရှင်များအသင်း၊ ပြည်တွင်းအခွန်ဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာနတို့  ပူးပေါင်းပါဝင်သည့် အဖွဲ့(၅)ဖွဲ့ဖြင့် One Stop Service (OSS)ဖွင့်လှစ်ကာ ဆောင်ရွက်လျက်ရှိသည်။ 

 

“တရားဝင်လမ်းကြောင်း မဟုတ်ဘဲ မှောင်ခိုသယ်ရင် ကိုယ့်အတွက်လည်း အန္တရာယ်ရှိပြီး နိုင်ငံအခွန်ဝင်ငွေ နည်းမယ်။ အခွန်ဆောင်ပြီး သယ်တဲ့သူများလာလို့ နိုင်ငံတော်မှာ အခွန်ငွေ ပိုရလာပါတယ်” ဟု OSS မှ တာဝန်ခံအရာရှိ တစ်ဦးက ပြောသည်။ 

 

သယ်ယူမည့် ပစ္စည်းများကို စစ်ဆေးခြင်း၊ တန်ဖိုးဖြတ်ခြင်း၊ ဓါတ်ပုံမှတ်တမ်းတင်၊ အလေးချိန် ချိန်တွယ်ခြင်း၊ ခွင့်ပြုမိန့်နှင့်စာရွက်စာတမ်းများကို OSS ရုံးမှ ဆောင်ရွက် ပေးနေကြောင်း သိရသည်။

 

အခွန်ဆောင်ရာတွင် ကျောက်စိမ်းလက်ကောက်၊ လွှာချပ်၊ ပုတီးစေ့၊ လက်စွပ်၊ ကျောက်စိမ်းရုပ်ထု၊ ပါကေးပြား၊ အင်ကြင်းကျောက်၊မြစ်ဆုံလက်ကောက်၊ ကျောက်စိမ်းလုံးချော စသဖြင့် အရည်အသွေးအလိုက် အေ၊ ဘီ၊ စီ နှင့် ဒီ အဆင့်ဟူ၍ ခွဲခြားထားကြောင်း သိရသည်။

 

အိမို့မို့ခိုင်