ကျေးဇူးတော်ရှင် အမရပူရ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး၏ သိက္ခာတော် ရာပြည့်ပူဇော်ပွဲနှင့်ပတ်သက်၍ အကြိုညှိနှိုင်းစည်းဝေး

ကျေးဇူးတော်ရှင် ဘာသာဋီကာကျမ်းပြုအကျော် အမရပူရ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး၏ သိက္ခာတော် ရာပြည့်ပူဇော်ပွဲနှင့် ပတ်သက်၍ အကြိုညှိနှိုင်းအစည်းအဝေးကို မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ မဟာဂန္ဓာရုံကျောင်းတိုက်ရှိ  သုံးထပ်ကျောင်းဆောင်၌ ဒီဇင်ဘာ ၂၃ ရက် ညနေ ၅ နာရီ ခွဲ က ကျင်းပပြုလုပ်သည်။

 

ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး အမရပူရမဟာဂန္ဓာရုံ ကျောင်းတိုက် မဟာနာယကချုပ်ဆရာတော် အရှင်ကုဏ္ဍလာဘိဝံသထံမှ သြဝါဒခံယူကြသည်။ ထို့နောက် ကျောက်ဆည်မဟာဂန္ဓာရုံ ဆရာတော် ဘဒ္ဒန္တကုသလဘိဝံသမှ သိက္ခာတော်ရာပြည့်ပူဇော်ပွဲနှင့်ပတ်သက်၍ ဆရာတော်ကြီးများထံ လျှောက်ထားသည်။ ယင်းနောက် ပန်းချီဆရာကြီး ဦးခင်မောင်ဆန်း မှ သိက္ခာတော်ရာပြည့် ပူဇော်ပွဲတွင်  ပန်းချီနှင့်ပတ်သက်၍ ဆွေးနွေးလျှောက်ထားသည်။၎င်းနောက် သိက္ခာတော်ရာပြည့်ပူဇော်ပွဲအတွက် မဟာဂန္ဓာရုံတိုက်တွင်းတိုက်ပြင်ရှိ  ဆရာတော် သံဃာတော်များ နှင့် မဟာဂန္ဓာရုံကျောင်းသားဟောင်းကြီးများက ဆွေးနွေးလျှောက်ထားသည်။ထို့နောက် အခမ်းအနားကို ဗုဒ္ဓသာသနံတိရံတိဌတု သုံးကြိမ်ရွတ်ဆို ရုပ်သိမ်းသည်။

 

အဆိုပါ ရာပြည့်ပူဇော်ပွဲကို လာမည့် တပေါင်းလဆန်း ၁၃ ရက် မှ တပေါင်းလပြည့်နေ့ထိ စဉ့်ကိုင်မြို့နယ်၊ ပလိပ်မဟာဂန္ဓာရုံကျောင်းတိုက်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်းသိရပြီး အကြိုညှိနှိုင်း အစည်းအဝေးသို့ ဆရာတော်/သံဃာတော်အရှင်သူမြတ်များ၊ မဟာဂန္ဓာရုံတိုက်တွင်းတိုက်ပြင်ရှိ ဆရာတော် သံဃာတော်များနှင့် မဟာဂန္ဓာရုံကျောင်းသားဟောင်းကြီးများနှင့် ဒါယိကာ/ဒါယိကာမများ တက်ရောက်ခဲ့ကြသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)