မြောင်းမြတွင် (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပ

မြောင်းမြ ၂ ဇန်နဝါရီ    

(၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် အားကစားပြိုင်ပွဲများကို မြောင်းမြမြို့ မြို့မဘောလုံးကွင်း၊ အထက (၁)အားကစားကွင်း၊ နောင်ရိုးအားကစားခန်းမ (၁)၊ (၂)တို့၌ ဇန်နဝါရီ ၂ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ ယှဉ်ပြိုင်ကစားလျှက်ရှိကြောင်း သိရသည်။

"လွန်ဆွဲ ၊ ပိုက်ကျော်ခြင်း ၊ ဖူဆယ် ၊ ကြက်တောင်နဲ့ စားပွဲတင် တင်းနစ်တွေကို အုပ်စု ပတ်လည် ရှုံးထွက်ပွဲတွေအနေနဲ့ ကျင်းပနေပါတယ်၊ ဇန်နဝါရီ ၄ ရက်နေ့ကျရင် ပြိုင်ပွဲအားလုံး  နောက်ဆုံး ဗိုလ်လုပွဲများ ယှဉ်ပြိုင်ပြီး ဆုပေးပွဲ ကို ကျင်းပသွားမှာ ဖြစ်ပါတယ် "ဟု မြို့နယ်အားကစား မှူး ဦးစိုင်းဝေလင်းနောင် က ပြောကြားသည်။

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ်၏ ၂၀၁၉ ခုနှစ် (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အတွက် အလေးမ ၊ တင်းနစ် ၊ ဂျူဒို ၊ ပြေးခုန်ပစ် ၊ မာရသွန် ၊ ရိုးရာခြင်းလုံး အပါအဝင် အားကစားနည်း (၁၃) မျိုး ထည့်သွင်းကာ   လူငယ်များ အားကစား ကို ချစ်မြတ်နိုးလိုစိတ် ၊ အားကစားဖြင့် ကျန်းမာကြံ့ခိုင်လာစေရေး ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

အောင်မင်း(မြောင်းမြ)