မိတ္ထီလာမြို့ လွတ်လပ်ရေးပန်းခြံ၌ ပထမဆုံး LED ရောင်စုံမီးအလှပြပွဲ ၁၂ ရက်ကြာ ကျင်းပမည်

မိတ္ထီလာ ၂ ဇန်နဝါရီ 

 

မိတ္ထီလာမြို့ လွတ်လပ်ရေးပန်းခြံ၌ ပထမဆုံး LED မီးလုံးရောင်စုံမီးအလှပြပွဲကို ဇန်နဝါရီ ၁၂  မှ ၂၃ အထိ ၁၂ ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီဝင် ဦးအောင်ကြိုင်က ပြောသည်။

 

“မိတ္ထီလာ လွတ်လပ်ရေးပန်းခြံထဲမှာ ပထမဆုံးကျင်းပပြုလုပ်မယ့် LED မီးလုံးတွေနဲ့ ရောင်စုံမီး အလှပြပွဲကို ဇန်နဝါရီလ ၁၂ ရက်နေ့က နေ ၂၃ ရက်နေ့အထိ ၁၂ ကြာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။   ဒီ LED မီးလုံးတွေနဲ့ ရောင်စုံမီးအလှပြပွဲကို  Love and Jion ကုမ္ပဏီက တာဝန်ယူကျင်းပပြုလုပ်မှာဖြစ်ပြီး သူတို့အနေနဲ့ ရန်ကုန်၊ မန္တလေး၊ မကွေး၊ စစ်ကိုင်း၊ ပခုက္ကူ မြို့ကြီးတွေမှာ LED ရောင်စုံမီးအလှပြပွဲတွေကို ကျင်းပခဲ့ပြီးဖြစ်ပါတယ်”ဟု  မြို့နယ်စည်ပင် သာယာရေး ကော်မတီဝင် ဦးအောင်ကြိုင်က ပြောသည်။

 

အဆိုပါ LED မီးလုံး ရောင်စုံမီးအလှပြပွဲတွင် မိတ္ထီလာမြို့နယ်အတွင်း အထင်ကရ ပြယုဂ်များ ဖြစ်သည့် ဖောင်တော်ဦးစေတီတော်၊ နာရီစင်၊ လေယာဉ်ပျံများနှင့် မိတ္ထီလာဒေသနှင့် ဆက်စပ်သည့် ပုံရိပ်များကို LED မီးလုံးအရေအတွက် သန်းတစ်ရာခန့်ဖြင့် ပုံဖော်ပြသမည်ဖြစ်သည်။

 

မိတ္ထီလာလွတ်လပ်ရေးပန်းခြံ၌ ကျင်းပမည့် LED မီးလုံး ရောင်စုံမီးအလှပြပွဲသို့ လာရောက်ကြည့်ရှုသူများအား လူကြီးတစ်ဦး ကျပ်  ၂ဝဝဝ၊ ကလေးတစ်ဦး တစ်ထောင်ကျပ် ဝင်ကြေးသတ်မှတ် ကောက်ခံမည်ဖြစ်ကြောင်း သိရသည်။ 

 

ချမ်းသာ(မိတ္ထီလာ)