မကွေးဒေသဇီးသီး(ဆီးသီး) ဈေးကွက်ကောင်း၍ ဇီးစိုက်တောင်သူများအဆင်ပြေ

မကွေး ၅  ဖေဖော်ဝါရီ 


မကွေးဒေသတွင်း၌ ဇီးသီး(ဆီးသီး)အစို ၊ အခြောက်နှင့် ဇီးဆံဈေးများ ဈေးကောင်းရနေပြီး ပြီးခဲ့သည့် မိုးရာသီက မိုးခေါင်မှုကြောင့် ဇီးသီးအထွက်နှုန်းလျော့ကျမှုများရှိခဲ့သော်လည်း ဈေးကွက်ကြောင့် တွက်ချေကိုက် အဆင်ပြေကြောင်း စိုက်ပျိုးတောင်သူများထံမှ သိရသည်။


ဇီးသီးအခြောက်တစ်တင်းလျှင် ငွေကျပ် ၃၂၀ဝ၊ အစိုတစ်တင်းလျှင် ငွေကျပ် ၂၆၀ဝ ၊ ဇီးဆံတစ်ပိဿာလျှင် ငွေကျပ် ၁၄၀ဝ၀ ဝန်းကျင် ခန့်ဖြင့် အဝယ်ဒိုင်များမှ ဝယ်ယူနေပြီး ပြီးခဲ့သည့်နှစ်ကထက် ငွေကျပ် ၅၀ဝ ခန့် ဈေးပိုရကြောင်း ၊ မကွေးမြို့ရှိပွဲရုံများသို့ မကွေး၊ တောင်တွင်းကြီး၊ မင်းလှမြို့နယ်များအတွင်းရှိ ကျေးရွာများမှ လာရောက်ရောင်းချမှုများရှိကြာင်း ဈေးကွက်အတွင်းမှ သိရသည်။


“ ပြီးခဲ့တဲ့နှစ်က မိုးနည်းတော့ အထွက်တော့ သိပ်မကောင်းဘူး ။ ရေတင်စိုက်ရတဲ့ နေရာမျိုးဆိုရင်တော့ ထွက်ပိုကောင်းမှာပေါ့ ၊ ဈေးကတော့ ဒီနှစ်အကောင်းဆုံးပဲ။ ဈေးလေးကယ်လို့ အဆင်ပြေသွားတယ် ” ဟု ဇီးစိုက်တောင်သူတစ်ဦးက ပြောပြသည်။


ဒီဇင်ဘာ ၁၅ ရက်မှ မေလကုန်ထိ ဇီးသီးရောင်းဝယ်မှု လုပ်ငန်းတွင်ကျယ်ပြီး ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလများမှာ အရောင်းအဝယ် အသွက်ဆုံး လများဖြစ်ကြောင်း ၊ ဇီးသီးအဆံကို တရုတ်ပြည်သို့ တင်ပို့သည်ဟုသိရပြီး မကွေးဒေသ ကုန်သည်များအနေဖြင့် မန္တလေးမြို့သို့သာ တင်ပို့ရောင်းချကြကြောင်း အရောင်းအဝယ် လုပ်ငန်းသမားများထံ မှ သိရသည်။


ဆီးသီး(ဇီးသီး)ကို သဘာဝအသားအရေထိန်သိမ်းခြင်းအတွက် အသုံးပြုနိုင်ပြီး အရသာခံစားသုံးရန်သာမက ဓါတ်စာအဖြစ်လည်း စားသုံးသင့်ကြောင်း ၊ ဆီးသီးစားသုံးခြင်းဖြင့် မှတ်ဉာဏ်စွမ်းအား တိုးတက်ခြင်း ၊ အယ်လ်ဇိုင်းမား ၊ ကင်ဆာ ၊ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှု ၊ သွေးဆုံးပြီးအမျိုးသမီးများ အရိုးကြွတ်ဆတ် /အရိုးပွမှုတို့ကို ကာကွယ်ပေးခြင်း ၊ အမျိုးသားများ၏ မျိုးပွားအင်္ဂါ ခုခံအားစံနစ်လုပ်ဆောင်မှုများကောင်းမွန်ခြင်း အကျိုးကျေးဇူးများရနိုင်ကြောင်း နားလည်တတ်ကျွမ်းသူ များထံမှ သိရသည်။

ဇေယျတု(မကွေး)