မြန်မာ-အိန္ဒိယစီးပွားရေးနှင့် ရင်းနှီးမြုပ်နှံမှုဆွေးနွေး မဏိပူရပြည်နယ် ထုတ်ကုန်ပစ္စည်းပြပွဲ ကျင်းပ

မန္တလေး ၂၀ ဒီဇင်ဘာ

 

မန္တလေးမြို့ရုံးစိုက် အိန္ဒိယသမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးနှင့် မဏိပူရပြည်နယ် ကုန်သည်ကြီးများ အသင်းတို့ ပူးပေါင်း၍ မြန်မာ-အိန္ဒိယစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဆွေးနွေးပွဲ၊ မဏိပူရပြည်နယ် ထုတ်ကုန်ပစ္စည်းပြပွဲကို ဒီဇင်ဘာ ၁၉ ရက် နံနက် ၁၀ နာရီမှ ညနေ ၄နာရီအထိ ချမ်းအေးသာစံ မြို့နယ် ၇၈ လမ်းနှင့် ၃ လမ်းထောင့်၊ ရတနာပုံစူပါစင်တာ စတုတ္ထထပ်ရှိ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းခန်းမတွင် ကျင်းပခဲ့သည်။

 

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဦးကျော်မင်းက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး မန္တလေးမြို့ရုံးစိုက် အိန္ဒိယနိုင်ငံ ကောင်စစ်ဝန်ချုပ်Mr.Nandan Singh Bhaisora က မြန်မာ-အိန္ဒိယနှစ်နိုင်ငံ စီးပွားရေးနှင့် ရင်းနှီးမြုပ်နှံမှုနှင့် ပတ်သက်၍လည်းကောင်း၊ မဏိပူရပြည်နယ် ကုန်သည်ကြီးများအသင်းဥက္ကဋ္ဌ Dr.Radhesyan Oinan က မဏိပူရရ်ပြည်နယ်မှတစ်ဆင့် ဗုဒ္ဓဂါယာသို့သွားရောက်နိုင်ရန် စီစဉ် ဆောင်ရွက်မှုများ၊ မန္တလေး-မိုးရေးဘက်စ်ကားပြေး ဆွဲနိုင်ရေးပြင်ဆင်မှုများနှင့် အိန္ဒိယ နိုင်ငံဆေးရုံ များတွင် စရိတ်သက်သာစွာ ကျန်းမာရေးစစ်ဆေးကုသမှု ဝန်ဆောင်မှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းနှင့် အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ် ကုန်သည်ကြီးများအသင်းတို့ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးပြီး လက်ဆောင်ပစ္စည်းများ အပြန်အလှန်လှဲလှယ်ခဲ့ကြသည်။

 

အခမ်းအနားတွင် အိန္ဒိယနိုင်ငံ စီးပွားရေးကုမ္မဏီများက ပြခန်း(၈)ခန်းဖွင့်လှစ်၍ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ၊ ဆက်သွယ်ရေးနည်းပညာလုပ်ငန်းများ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ၊ အထည်အလိပ်နှင့် ရက်ကန်းလုပ်ငန်းများ၊ လက်မှုပညာလုပ်ငန်းများ၊ စားသောက်ကုန် ထုတ်လုပ်ငန်းများ၊  ဗိသုကာလုပ်ငန်းများပြသပြီး မန္တလေးမြို့ရှိ လုပ်ငန်းရှင်များနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ရင်းနှီးမြှပ်နှံမှု အခွင့်အလမ်းများ ဆွေးနွေးကြကြောင်း သိရသည်။         

 

မောင်ပြည်သူ(မန္တလေး)