နှစ်စဉ် အနည်းဆုံး အမေရိကန် ဒေါ်လာ ၅၁ သန်း ရရှိနိုင်ရေး အစိုးရနှင့်ပြည်သူ လက်တွဲကာ မြန်မာ့သစ်တောများ ကာကွယ်ကြပါစို့

လူတို့ရဲ့ လုပ်ဆောင်မှုတွေကြောင့် မှန်လုံအိမ်ဓာတ်ငွေ့ ပမာဏများလာရတာဟာ ရာသီဥတုပြောင်းလဲခြင်း ကိုဖြစ်ပေါ်စေသည်။ မှန်လုံအိမ်ဓာတ်ငွေ့တွေဟာ နေမှ အပူစွမ်းအင်ကို သိုလှောင်ထားပြီး လေထုအတွင်းကို အပူရှိန်မြင့်တက်စေသဖြင့် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကို ဖြစ်စေသည်။ ကာဗွန်ဒိုင်အောက်ဆိုက်သည် မှန်လုံအိမ်ဓာတ်ငွေ့ထဲက အဓိကကျသည့် ဓာတ်ငွေ့ တစ်ခုဖြစ်သည်။ 

သစ်တောများသည် ရာသီဥတုပြောင်းလဲမှုကို ဖြစ်ပေါ်စေတဲ့ အကြောင်းအရင်းတစ်ခုဖြစ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုက်တွေကို စုပ်ယူ ထိန်းသိမ်းထားနိုင်သည်။ သစ်ပင်တွေဟာ လေထုထဲက ကာဗွန်ဒိုင် အောက်ဆိုက်တွေကို စုပ်ယူပြီး လူတို့ အသက်ရှင်သန်ရန် အောက်ဆီဂျင်ကို  ထုတ်လုပ်ပေးသည်။

မြန်မာနိုင်ငံတွင် ကုန်းမြေဧရိယာ စုစုပေါင်း ၄၅ ရာခိုင်နှုန်း (စတုရန်းကီလိုမီတာ ၃၁၀၀၀) သည် သစ်တော များဖြင့် ဖုံးလွှမ်းနေသည်။ မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း နှစ်စဉ်သစ်တော ပြုန်းတီးမှု ပမာဏမှာ ၀ ဒသမ ၃၁ ရာခိုင်နှုန်းမှ ၁ ဒသမ ၅၉ ရာခိုင်နှုန်း အထိ ရှိနေကြောင်း သစ်တောဦးစီးဌာန၏ အချက်အလက်များအရ သိရသည်။ 

မြန်မာနိုင်ငံတွင် သစ်တောပြုန်းတီးမှုနှင့် သစ်တောအတန်းအစား ကျဆင်းမှု(သစ်တောအရည်အသွေးနိမ့်ကျမှု) ဖြစ်ပေါ်စေသည့် အကြောင်းအရင်းနှစ်ခုရှိသည်။ သစ်တောပြုန်းတီးမှုကို အဓိကဖြစ်စေသည့် အကြောင်း အရင်းမှာ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သတ္တုတူးဖော်ရေး လုပ်ငန်းများကြောင့်ဖြစ်ပြီး ဆန်စပါး၊ ပြောင်း၊ ပဲ အမျိုးမျိုး၊ ငါးပုစွန်မွေးမြူရေး၊ ဆီအုန်း၊ ရွှေ့ပြောင်းတောင်ယာလုပ်ငန်း၊ သတ္တုတူးဖော်ခြင်းလုပ်ငန်း၊ ရေအား လျှပ်စစ်လုပ်ငန်း၊ လမ်းနှင့် သယ်ယူပို့ဆောင်ရေးကွန်ရက်များကြောင့် ဖြစ်သည်။

သစ်တောဦးစီးဌာန၏ ထုတ်ပြန်ချက်များတွင် ဆန်စပါးစိုက်ပျိုးခြင်းကြောင့် သစ်တောဧရိယာ ဟက်တာပေါင်း ၇ သန်း ထိခိုက်ပြီး အဓိကအားဖြင့် ရေငန်တောတွေကို အဓိက ထိခိုက်မှုဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။  ပြောင်းစိုက်ခင်းများ၊ ရာသီပေါ်သီးနှံ စိုက်ခင်းများ အစားထိုးလာခြင်းကြောင့် သစ်တောဧရိယာ ဟက်တာ ၅၃၀,၀၀၀ ခန့် ထိခိုက်ပျက်စီးခဲ့သည်။

ပဲအမျိုးမျိုးစိုက်ပျိုးမှုကြောင့် ဟက်တာ ၄ ဒသမ ၃ သန်း၊ ရော်ဘာစိုက်ပျိုးမှုကြောင့် ၆၅၂,၀၀၀ ကျော်၊  ဆီအုန်း စိုက်ပျိုးမှုကြောင့် ဟက်တာ လေးသိန်း၊ ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးမှုများကြောင့် ဟက်တာ ၆ သန်းမှ ၇ သန်းကြား၊ သတ္တုတွင်းလုပ်ငန်းများကြောင့် ဟက်တာ ၄၆,၀၀၀၊ ရေအားလျှပ်စစ် ဆောက်လုပ်မှုကြောင့် ဟက်တာ ၁၃၉၀၀၀ ကျော်  စသဖြင့် သစ်တောပြုန်းတီးမှုများ ရှိကြောင်းသိရသည်။ 

အင်္ဂလန်နိုင်ငံရှိ တက္ကသိုလ်တစ်ခုဖြစ်တဲ့ University of East Anglia တက္ကသိုလ်မှ Dr. Oliver Springate – Baginski အဖွဲ့၏ ၂၀၁၅ ခုနှစ်က ထုတ်ပြန်ချက်တွင် ကျွန်းသစ်အတွက် သစ်ထုတ်ယူသည့်ပမာဏသည် နှစ်စဉ် တောထွက်ပမာဏထက် ကျော်လွန်နေကြောင်း ဖော်ပြထားသည်။ ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ် ဇူလိုင်လ အထိ ကျွန်းသစ်ထုတ်လုပ်မှု ၁၈၃၃၇ တန်ရှိပြီး သစ်မာထုတ်လုပ်မှု ၁၀၈၈၉၁ တန် ရှိကြောင်း မြန်မာ့သစ်လုပ်ငန်းမှ သိရသည်။

ကျွန်းသစ်အလွန်အကျွံထုတ်ယူခြင်း၊ သစ်မာများအလွန်အကျွံထုတ်ယူခြင်း၊ အသွင်ပြောင်းသစ်သားအား ကောင်မွန်စွာ စစ်ဆေးခြင်းမပြုဘဲ ဈေးကွက်တင်ပို့စေခြင်းတို့ကြောင့် မြန်မာ့သစ်တောအတန်းအစားများ ကျဆင်းလာခြင်းဖြစ်သည်။ သစ်တောအတန်းအစားကျဆင်းစေသည့် အကြောင်းအရင်းများတွင် တရားမဝင် သစ်တင်ပို့ခြင်းလည်းပါဝင်သည်။ မြန်မာနိုင်ငံမှ ကမ္ဘာ့ဈေးကွက်သို့ တင်ပို့ခဲ့သော မြန်မာ့သစ်လုံးများတွင် ကုဗမီတာ ၁၀ ဒသမ ၂ သန်း တရားမဝင်တင်ပို့ခဲ့ကြောင်း သိရသည်။

သစ်တောများပြုန်းတီးမှု၊ သစ်တောအတန်းအစားများကျဆင်းလာမှုလျော့ချနိုင်ရန်၊ ရာသီဥတုပြောင်းလဲမှု အကျိုးဆက်များလျော့ပါးစေရေးအတွက် မြန်မာနိုင်ငံသည် REDD+ လုပ်ငန်းစဉ်ကို ၂၀၁၃ ခုနှစ်ကစပြီး ဆောင်ရွက်နေသည်။ 

REDD+ လုပ်ငန်းစဉ်သည် သစ်တောကဏ္ဍတွင် ရာသီဥတုပြောင်းလဲမှု လျော့ပါးစေရေး လုပ်ငန်းများ ဆောင်ရွက်ရန် ရည်ရွယ်ပြီး ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဘောင်ကွန်ဗင်းရှင်း (UNFCCC) က ဖွံ့ဖြိုးဆဲ နိုင်ငံများအတွက် ဆောင်ရွက်နေသည့် လုပ်ငန်းတစ်ခုဖြစ်သည်။ 

REDD+ ၏အဓိပ္ပာယ်မှာ သစ်တောပြုန်းတီးခြင်းမှ ကာဗွန်ထုတ်လုပ်မှုလျှော့ချခြင်း၊ သစ်တောအတွင်း သိုလှောင်ကာဗွန်များကို ထိန်းသိမ်းကာကွယ်ခြင်း၊ သစ်တောများအား ရေရည်တည်တံ့စွာ စီမံအုပ်ချုပ်ခြင်းနှင့် သစ်တောသိုလှောင်ကာဗွန်များကို တိုးတက်စေခြင်းဖြစ်သည်။

REDD+ လုပ်ငန်းစဉ်မှ ကာဗွန်ထုတ်လုပ်မှုလျှော့ချခြင်းမှု ရရှိလာသည့်ရလဒ်တွေအတွက် နိုင်ငံတကာအဖွဲ့ အစည်းမှ ရန်ပုံငွေပေးချေမှုများ ရရှိနိုင်မည်ဖြစ်သည်။ REDD+ လုပ်ငန်းစဉ်များ ဆောင်ရွက်နေသည့် နိုင်ငံပေါင်း ၅၈ နိုင်ငံရှိပြီး မြန်မာ၊ ဗီယက်နမ်၊ မလေးရှား၊ ကမ္ဘောဒီးယား၊ အိန္ဒိယ၊ နီပေါ၊ ဘရာဇီး၊ ဂျာမနီ၊ ကိုလံဘီယာ၊ အီသီရိုပီးယား၊ မွန်ဂိုလီးယား၊ ပါကစ္စတန် စသည့်နိုင်ငံများလည်း ပါဝင်သည်။ 

၂၀၁၅ ခုနှစ်တွင် နှစ်စဉ်သစ်တောပြုန်းတီးမှုနှုန်းကို ဟက်တာ ၂၀၃၅၀၀ ဟု ယူဆပြီး မြန်မာနိုင်ငံသည် ၂၀၂၅ ခုနှစ်တွင် သစ်တောပြုန်းတီးမှုကို ၃၀ ရာခိုင်နှုန်းလျှော့ချရန် ရည်ရွယ်ထားသည်။ အဆိုပါ ရည်ရွယ်ထား ချက်များအရ နှစ်စဉ်ကာဗွန်ဒိုင်အောက်ဆိုက် မတ်ထရစ်တန် ၁၀ ဒသမ ၁ သန်းကို လျှော့ချနိုင်ရမည်။ ၂၀၃၀ တွင် သစ်တောပြုန်းတီးမှု ၅၀ ရာခိုင်နှုန်းအထိ လျှော့ချရန် လျာထားပါက နှစ်စဉ်ကာဗွန်ဒိုင်အောက်ဆိုက် မက်ထရစ်တန် ၁၆ ဒသမ ၈၆ သန်း ကိုလျှော့ချနိုင်မည်ဖြစ်သည်။ 

မြန်မာနိုင်ငံသည် ရည်ရွယ်ချက်များအတိုင်း ကာဗွန်ဒိုင်အောက်ဆိုင်ဓာတ်ငွေ့များ လျှော့ချနိုင်ပါက ၂၀၂၅ မှ ၂၀၃၀ အတွင်း နှစ်စဉ် အမေရိကန်ဒေါ်လာ ၅၁ သန်းနှင့် ၂၀၃၀ ခုနှစ် နောက်ပိုင်းကစပြီး နှစ်စဉ် အမေ ရိကန်ဒေါ်လာ ၈၄ သန်း ရရှိနိုင်မည်ဖြစ်သည်။ 

မြန်မာနိုင်ငံ၏ သစ်တောများကို ထိန်းသိမ်းခြင်းဖြင့် ကာဗွန်ထုတ်လွှတ်ခြင်းကို လျှော့ချပြီး နိုင်ငံအတွက် နှစ်စဉ်ဝင်ငွေများရရှိနိုင်ရန် အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများသာမက ပြည်သူများလည်း ပူးပေါင်းပါဝင်ဖို့ လိုအပ်ပေသည်။

အိမို့မို့ခိုင်