နှစ်လယ် မြန်မာ့ကျောက်မျက် ရတနာပြပွဲတွင် ဈေးအမြင့်ဆုံး ကျောက်စိမ်းတွဲ ယူရိုငွေ ၂ သန်းကျော်ဖြင့် ရောင်းချ

mdn

နေပြည်တော် ၁၈ ဒီဇင်ဘာ

 

နေပြည်တော် မဏိရတနာ ကျောက်စိမ်း ခန်းမ၌ ကျင်းပပြုလုပ်နေသော ၂၀၁၇ ခုနှစ် နှစ်လယ် မြန်မာ့ ကျောက်မျက်ရတနာ ပြပွဲတွင် ယနေ့ နံနက်ပိုင်းက ရောင်းချခဲ့သည့် ကျောက်စိမ်း အတွဲများအား ထုတ်ပြန်ကြေညာရာ အိတ်ဖွင့်တင်ဒါ စနစ်အရ ကြမ်းခင်းဈေး ယူရိုငွေ ၁၈၀ဝ၀ဝ ရှိသည့် Lot. No. 2439 အလေးချိန် ၄ ကီလိုဂရမ်ရှိ ကျောက်စိမ်း အတွဲကို ယူရိုငွေ ၂၆၁၈၈၈၉ ဖြင့် ရောင်းချခဲ့ရကြောင်း သိရသည်။

 

ယနေ့အထိ ရောင်းချရသော ကျောက်စိမ်းတွဲများထဲတွင် ဈေးနှုန်း အမြင့်ဆုံး ကျောက်စိမ်းတွဲဖြစ်၍ ကျောက်မျက်ရိုင်းတုံး (ချွမ်ပေါ်လီ အသားကျောက်) ဖြစ်သည်ဟု နေပြည်တော် ကျောက်မျက် အသိုင်းအဝန်းမှ သိရှိရပြီး ကျန်ရှိနေသေးသည့် ကျောက်စိမ်းတွဲများကို ပြည်တွင်း/ပြည်ပ ကုန်သည်များက စိတ်ဝင်တစား လိုက်လံ ကြည့်ရှုလျက်ရှိကြောင်း သိရသည်။

 

ယခုနှစ် ကျောက်မျက် ပြပွဲသို့ ကျောက်မျက် ကုန်သည်များ ဝင်ရောက်မှု ယခင်နှစ်ကထက် နည်းသော်လည်း ကျောက်စိမ်းတွဲများ ရောင်းချရလျက်ရှိသည်။

 

ခွန်(ဝင်းပ)