ရွှေဘိုဘေးကြား(ခေါ်)ပေါ်ဆန်းမွှေးဆန်များ ဈေးသိသိသာသာတက်လာ

mdn

မိုးကောင်း  ၁၃ ဖေဖေါ်ဝါရီ 

 

မိုးကောင်းမြို့ ဆန်ဈေးကွက်တွင် ရွှေဘိုဘေးကြားပေါ်ဆန်းမွှေးဆန်များ ဈေးသိသိသာသာတက်လာပြီး အခြားဆန် ဈေးနှုန်းများလည်း ယခုလပိုင်းအတွင်းအနည်းငယ်တက်လာကြောင်း ဆန်ကုန်သည် ဒေါ်ကေမှ ပြောသည်။

 

ပေါ်ဆန်းမွှေးကို ဖျာပုံ၊ ဒေးဒရဲ၊ ပုသိမ်၊ မုံရွာ၊ ရန်ကုန် ၊ရေဦး၊ ရွှေဘိုမြို့ များမှထွက်ရှိသော်လည်း မိုးကောင်းမြို့ တွင်ရွှေဘိုဘေးကြား (ခေါ်) ပေါ်ဆန်းမွှေးကိုသာစားသုံးမှုအများဆုံးဖြစ်သည်။

 

"ရွှေဘိုတစ်ဝိုက်မှာပေါ်ဆန်းအစား ဧရာမင်းပြောင်းလဲစိုက်ကြတာနဲ့ မနှစ်ကပေါ်ဆန်းက သိသိသာသာ မြတ်ထားတော့ စပါးလှောင်လက်သမားတွေက အဝယ်လိုက်နေကြတာနဲ့ ဆန်ဈေးအနည်းငယ်တက်လာတာ လို့ထင်ပါတယ်"ဟုဒေါ်ကေမှဆက်၍ပြောသည်။

 

ယမန်နှစ်က ရွှေဘိုပေါ်ဆန်းအသစ် တစ်ပြည်လျှင် ၁၈၀ဝကျပ်နှင့်ပွဲထွက်ခဲ့သော်လည်းယခုနှစ် ၂၀ဝ၀ ကျပ် နှင့်ပွဲ ထွက်လာပြီးနောက် ယနေ့အိတ်လုံးဈေးတစ်အိတ်လျှင် ၁၅၀ဝ ကျပ်မှ၂၀ဝ၀ ကျပ်ထိတက် လာခြင်းဖြစ်သည်။
မိုးကောင်းမြို့ပေါ်တွင် အစားအများဆုံးဆန်မှာ လောလောဆယ်အနေဖြင့် ရွှေဘိုပေါ်ဆန်းဖြစ်ပြီး ဧရာ မင်း ၊ပဒေသာ၊ စောရှုပ်၊ လုံးသွယ်မွှေး၊ ချင်းရှယ်၊ ငွေတိုးနှင့် မန္တလေးဆန်များဖြစ်သော မနောသုခ၊ ရွှေဝါ ထွန်း၊  ဇီယာ ပုလဲသွယ်တို့ကို စားသုံးကြသည်။

 

"ဒီနယ်ခံတွေကတော့ ဆန်ပျော့စားကြပေမဲ့ကျနော်တို့ အောက်ပိုင်းသားတွေကတော့ ဆန်မာပဲကြိုက် တယ်။ ပေါ်ဆန်းကမပျော့မမာဆိုတော့ စားရတာအဆင်ပြေတယ် ဟင်းမကောင်းလဲထမင်းကောင်းဖို့တော့ အရေးကြီးတာပေါ့ ပေါ်ဆန်းကပွားလဲပွားတယ် မိသားစုအားလုံးက စားနိုင်သူကြီးပဲဆိုတော့ ဒီဆန်ပဲချက်ဖြစ် နေတာ" ဟု စားသုံးသူ ဦးဝင်းနွယ်မှဆိုသည်။

 

ယခင်နှစ်က ပေါ်ဆန်းအဟောင်းတစ်ပြည်လျှင်၂၈၀ဝကျပ်ခန့် အထိဈေးမြင့်တက်ခဲ့ပြီး ဆန်ဟောင်း စားသုံးမှု ဈေးကွက်လဲရှိကာ ယခုအချိန်တွင် ပေါ်ဆန်းဆန်ဟောင်း ပြတ်လပ်သွားပြီဖြစ်၍ ဆန်သစ်များ စတင် ဝင်ရောက်ချိန်၌ ဈေးတက်လာခြင်းဖြစ်ပြီး ဆက်တက်လာနိုင်မည်ဟုခန့်မှန်းရသည်။

 

ရွှေဘိုပေါ်ဆန်းမွှေးဆန် အသစ်စတင်ဝင်ချိန်က တစ်တင်းခွဲတစ်အိတ်လျှင် လေးသောင်းရှစ်ထောင်ကျပ် ဝန်းကျင်ရောင်းချရာမှပင်ရင်းအထိုင်ပွဲရုံဈေးယခု ၁၅၀ဝကျပ်၂၀ဝ၀ကျပ်ခန့် ဈေးတက်ခဲ့ခြင်းဖြစ်ကာ မန္တလေး ဆန်များလည်း တစ်အိတ်လျှင် ၅၀ဝကျပ်မှတစ်ထောင်ကျပ်ထိဈေးမြင့်တက်လာကြောင်းသိရသည်။

 

မင်းမင်းဦး