အပူချိန်မြင့်မား၍ Heat stroke ဖြစ်ကြသူများထဲတွင် အသက် ၄၅ နှစ် အရွယ်အထက်ရှိသူများ ပိုမို ပါဝင်နေ

ရန်ကုန်၊ ဧပြီ ၂၉

အပူချိန်မြင့်မား၍ Heat stroke ဖြစ်ကြသူများထဲတွင် အသက် ၄၅ နှစ် အရွယ်အထက်ရှိသူများ ပိုမို ပါဝင်နေကြောင်း လူမှုကူညီရေး အသင်းများရှိ အချက်အလက်များအရ သိရသည်။

ယခုနွေရာသီကာလတွင် အပူရှိန်သိသာစွာ မြင့်မားလာခြင်းကြောင့် Heat stroke ဖြစ်ပါက သတိလစ်ခြင်းမှ အသက်သေဆုံးသည့်အထိ ဖြစ်နိုင်ခြင်းကြောင့် မိမိနှင့် မိသားစုပတ်ဝန်းကျင်အား အထူးဂရုစိုက်ကြပါရန် မန္တလေးမြို့ အခြေစိုက် မဏီစလ လူမှုကူညီရေးအသင်းက ဆိုသည်။

“ပုံမှန်ရက်တွေထက် heat stroke ကြောင့် အသက်သေဆုံးသူများတွေ သိသိသာသာ တိုးလာပါတယ်။ အဲဒီလိုဖြစ်ပွားတဲ့ လူနာအများစုမှာ ၄၅ နှစ်အထက် သက်ကြီးရွယ်အိုတွေ အဓိကခံစားနေရပါတယ်။ ဒါကြောင့် အပူချိန်မြင့်မားလို Heat stroke ဝေဒနာဖြစ်နိုင်တဲ့အတွက် ပေါ့လျောပြီးနေထိုင်တာမျိုး မပြုမိစေဖို အထူးသတိပေးအပ်ပါတယ်” ဟု မဏီစလ လူမှုကူညီရေးအသင်း (မန္တလေး) က ပြောကြားထားသည်။

ထို့အပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လူမှုကူညီရေးအသင်းတစ်သင်းမှ တာဝန်ရှိသူ တစ်ဦးကလည်း ရန်ကုန်တိုင်းတွင်လည်း အပူဒဏ်ကြောင့် သတိလစ်မေ့မြောသူများရှိကြောင်း၊ ဦးနှောက်သွေးကြောပြတ်ပြီး သေဆုံးသူများလည်းရှိနေကြောင်းနှင့် ညပိုင်းအချိန်တွင်လည်း ရုတ်တရက်အပူချိန်မြင့်မားလာပြီး ချွေးစေးများထွက်ကာ အောက်ဆီဂျင်ကျ၍ ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနသို ပိုဆောင်ပေးရမှုများ ရှိကြောင်းဆိုသည်။

“ရန်ကုန်မှာလည်း ညပိုင်းအပူချိန်မြင့်တာကြောင့် ချွေးတွေတအားထွက်တယ်၊ အောက်ဆီဂျင်ကျတယ်၊ မောတယ်၊ ရုတ်တရတ်ကိုယ်အပူချိန် တက်တာတွေဖြစ်တယ်။ တစ်ယောက်က အသက် ၅၀ ကျော်၊ တစ်ယောက်က အသက် ၃၀ ကျော် အိမ်မှာတစ်ယောက်တည်း ရှိနေတုန်းဖြစ်သွားတာ။ ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနကို ပို့လိုက်ရပါတယ်။ ဘေးလူမသိရင် အသက်ပါ ဆုံးရှုံးနိုင်တယ်။ ဒါကြောင့် ၀တဲ့သူတွေ၊ ရောဂါအခံရှိတဲ့သူတွေ ပိုသတိထားသင့်ပါတယ်"ဟု ဗဟန်းမြိုနယ် ရွှေဂုံရိပ်မွန် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

 

မြန်မာနိုင်ငံအလယ်ပိုင်းဒေသများနှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် ဧပြီ ၂၈ ရက်နှင့် ၂၉ ရက်တွင် အပူချိန် ၁ ဒီဂရီခန့် အနည်းငယ် ထပ်တိုးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှူးဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးလှထွန်းက ပြောကြားထားသည်။

MT