ကမ္ဘောဒီးယားနိုင်ငံ၌ အပူချိန်မြင့်တက်လာမည်ဟု တာဝန်ရှိသူများ သတိပေးပြောကြား

ဖနောင်ပင်၊ ဧပြီ ၂၈

ကမ္ဘောဒီးယားနိုင်ငံ၌ လာမည့်ရက်များအတွင်း  အပူချိန် ၄၃ ဒီဂရီ ဆဲလ်စီးယပ်သို့ ရောက်ရှိလာနိုင်သဖြင့် နိုင်ငံသားများအား နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့ခြင်းမှ ရှောင်ရှားရန် ကျန်းမာရေးဝန်ကြီးဌာနက နှိုးဆော်ထားကြောင်း ယနေ့ဆင်ဟွာသတင်းတစ်ရပ်အရ သိရသည်။

ပူပြင်းသော နေရောင်အောက်တွင် အကာအကွယ်မပါဘဲ နေထိုင်ခြင်းမပြုရန် တာဝန်ရှိသူများက သတိပေးထားသည်။ ထို့ပြင် ရေဓာတ်လုံလောက်စေရေးအတွက် တစ်နေ့လျှင် အနည်းဆုံး ရေနှစ်လီတာကို သောက်သုံးရမည်ဖြစ်ကြောင်း ကျန်းမာ ရေးဝန်ကြီးဌာနက ညွှန်ကြားထားသည်။

နိုင်ငံမြောက်ပိုင်း၊ အရှေ့မြောက်ပိုင်း၊ အနောက်မြောက်ပိုင်း၊ အလယ်ပိုင်းနှင့် တောင်ပိုင်းဒေသရှိ ပြည်နယ်များတွင် ဧပြီ ၂၈ ရက်မှ ၃၀ ရက်အတွင်း အပူချိန် ၄၃ ဒီဂရီဆဲလ်ဆီးယပ်သို့ ရောက်ရှိလာနိုင်ကြောင်း ရေအရင်းအမြစ်နှင့် မိုးလေဝသ ဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။

ယခုကဲ့သို့ အပူချိန်များမြင့်တက်လာမှုသည် နှစ်ပေါင်း ၁၇၀ အတွင်း စံချိန်တင်ဖြစ်ပွားခြင်းဖြစ်ကြောင်း ယင်းဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ချန်ရူသာက ပြောကြားသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ