လူတိုင်းလက်လှမ်းမီသည့် သာတူညီမျှ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ဆောင်ရွက်ပေးမည့် နေပြည်တော်အလင်း (သို့မဟုတ်) နေပြည်တော်အပြုံး

လူတိုင်းလက်လှမ်းမီသည့် သာတူညီမျှ ကျန်းမာရေးစောင့်ရှောက်မှုစနစ် လုပ်ငန်းစဉ်များသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ဦးစားပေး၍ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်ဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင် (Sustainable Development Goals-SDG)တွင် ပါရှိသည့် ကျန်းမာရေးကဏ္ဍနှင့်သက်ဆိုင်သည့် ပန်းတိုင်အမှတ်စဉ်- ၃ ဖြစ်သည့် အသက်အရွယ်မရွေး လူတိုင်းကျန်းမာသည့်ဘဝရရှိစေရေးဆိုသည့် ရည်မှန်းချက်ကို ၂၀၃၀ ပြည့်နှစ်တွင် ပြည့်မီရေးအတွက် မြန်မာနိုင်ငံအနေဖြင့်လည်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

မျက်စိနှင့် စိတ်၊ သွားနှင့် ခန္ဓာကိုယ်ဟု ဒွန်တွဲနေမှုကို ပြောကြစမြဲပင်။ ထို့ကြောင့် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းဟု ဆိုကြပါသည်။ ကိုယ်နှင့်စိတ် ကောင်းဖို့လိုသလို မျက်စိနှင့်သွား ကောင်းဖို့လည်း လိုအပ်လှပါသည်။

ခန္ဓာကိုယ်အတွက် လိုအပ်သည့် အစားအစာများတွင်   ခန္ဓာကိုယ်ကို   ကြီးထွားစေသည့် အစာ၊ အင်အားဖြစ်စေသည့်အစာ၊ ရောဂါကာကွယ်စေသည့် အစာများကို မျှမျှတတစားပေးရပါမည်။ အစားအစာသည် အသက်ရှင်ဖို့ စားသုံးနေရခြင်းဖြစ်ပါသည်။ အသက်ရှင်သန်ဖို့အတွက်    အစားအစာများကို စားချင်သည့်ဆန္ဒရှိဖို့လည်း လိုအပ်နေပါသေးသည်။ စားချင်သည့် ဆန္ဒ ဖြစ်ပေါ်လာစေရန် စိတ်ပိုင်းဆိုင်ရာ ပြည့်စုံဖို့လည်း လိုအပ်ပါသည်။ “သွားကျန်းမာရေး မကောင်းသည့် သူများသည် စိတ်ပိုင်းဆိုင်ရာအားဖြင့် တစ်ခုခုလိုအပ်နေသလို ခံစားကြရကြောင်း သွား ဆရာဝန်များက ဆိုထားပေသည်။

မျက်စိနှင့်သွား၏ အသွင်အပြင်သည် လိုအပ်မှုအတွက် လှုံ့ဆော်မှုတစ်ခု ဖြစ်ပါသည်။ ကြည်လင်သော အလင်းနှင့် တောက်ပသောအပြုံးအတွက် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်ဖြစ်လာပြီး မပြည့်စုံသော   ခံစားချက်ရရှိလာကြပါသည်။   ထို့ကြောင့် ပြည်ထောင်စုနယ်မြေ နေပြည်တော် အတွင်း နေထိုင်လျက်ရှိကြသည့် မိဘပြည်သူတိုင်းရင်းသား ညီအစ်ကိုမောင်နှမများအတွက်  နေပြည်တော် အလင်းနှင့် နေပြည်တော်အပြုံး အစီအစဉ်အဖြစ် စီစဉ်ဆောင်ရွက်လျက်ရှိသည့် တာဝန်ရှိသူများနှင့် တွေ့ဆုံမေးမြန်းထားမှုကို တင်ပြလိုက်ရပါသည်-

 

ဦးမြင့်စိုး

နေပြည်တော်ကောင်စီဝင်

မေး။ နေပြည်တော်အလင်းနဲ့ နေပြည်တော်အပြုံးအစီအစဉ် ဆောင်ရွက်မှုနဲ့ပတ်သက်ပြီး ပြောကြားပေးစေလိုပါတယ်။

ဖြေ။ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့  လမ်းညွှန်မှု၊ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်နဲ့ နေပြည်တော် ပြည်သူ့ကျန်းမာရေး / ကုသရေး ဦးစီးဌာနမှူးရဲ့ နေပြည်တော်အပြုံးနဲ့ နေပြည်တော်အလင်းဆိုပြီး  ဆောင်ရွက်မယ့်အစီအစဉ်ဟာ ပြည်သူတွေအတွက် တိုက်ရိုက်အကျိုးရှိတဲ့လုပ်ငန်း ဖြစ်တဲ့အတွက် ကြိုဆိုပါတယ်။ ပြည်သူတွေရဲ့ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝရရှိစေတဲ့ လုပ်ငန်းဖြစ်ပါတယ်။ အများပြည်သူရဲ့ ကျန်းမာရေး စောင့်ရှောက်မှုကို ထိထိရောက်ရောက်  ဆောင်ရွက်ပေးမယ်လို့ သိရတဲ့အတွက် ဝမ်းသာပါတယ်။ ဆေးကုသခံယူတဲ့ ပြည်သူလူထုကိုလည်း အလှူရှင်တွေရဲ့ ထည့်ဝင်ငွေများနဲ့ အာဟာရများပါ ကျွေးမွေးစောင့်ရှောက်မယ့်အစီအစဉ် ဖြစ်ပါတယ်။

 

မေး။ ခွဲစိတ်မယ့်လူနာတွေရဲ့ သွားလာရေးအတွက်စီစဉ်ပေးမယ့် အခြေအနေကိုလည်း ရှင်းပြ ပေးစေလိုပါတယ်။

ဖြေ။    ခွဲစိတ်မယ့်လူနာတွေရဲ့ သွားလာရေးအတွက် နေပြည်တော်ကောင်စီရဲ့ပံ့ပိုးမှုနဲ့ နေပြည်တော်အတွင်း မြို့နယ် ရှစ်မြို့နယ်မှာရှိတဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများက သက်ဆိုင်ရာ မြို့နယ်အလိုက် ကြို/ပို့ကိစ္စများကို ကားစီစဉ်ပြီးခွဲစိတ်မယ့် စုရပ်နေရာများကို ဝိုင်းဝန်းကူညီပို့ဆောင်ပေးဖို့ စီစဉ်ထားပြီးဖြစ်ပါတယ်။ မျက်စိအတွင်းတိမ်က ခွဲပြီးသွားရင် မှန်ဘီလူး ထည့်ရတယ်လို့သိရပြီး ဆေးရုံမှာနားရကြောင်း သိရပါတယ်။ လူနာတွေအတွက် အာဟာရနဲ့ လိုအပ်တဲ့ကိစ္စများ ပူးပေါင်းဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။

 

ဒေါက်တာသန်းနိုင်စိုး

နေပြည်တော်ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနမှူး

မေး။ နေပြည်တော်အပြုံးနဲ့ နေပြည်တော်အလင်း အစီအစဉ်အဖြစ် ဆောင်ရွက်မယ့် အစီအစဉ်ကို ရှင်းပြပေးစေလိုပါတယ်။

ဖြေ။ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ မြို့ပြများနှင့် ကျေးလက်ဒေသများ အားလုံးမှာ မှီတင်းနေထိုင်ကြတဲ့ မျက်စိအတွင်းတိမ် လူနာများနဲ့ နှုတ်ခမ်းကွဲ/ အာခေါင်ကွဲ လူနာတွေကို အခမဲ့ ခွဲစိတ်ကုသပေးမယ့် အစီအစဉ်ဖြစ်ပါတယ်။ လူတိုင်းလက်လှမ်းမီတဲ့ သာတူညီမျှ ကျန်းမာရေး စောင့်ရှောက်မှုစနစ် ဖြစ်ပါတယ်။ Universal Health Coverage ကို ကျွန်တော်တို့ သွားချင်တာပါ။ ပြည်သူလူထုရဲ့အိတ်ကပ်ထဲက စိုက်ထုတ်ရတဲ့ ကုန်ကျစရိတ်တွေ သက်သာအောင် ဆောင်ရွက်ပေးခြင်း ဖြစ်ပါတယ်။ မျက်စိအတွင်းတိမ်က အသက်ကြီးလာရင် ဖြစ်တတ်တဲ့အတွက် အခုလို ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ နှာခေါင်းကွဲ၊ အာခေါင်ကွဲက အရှင်မွေး ၁၀၀၀ မှာ တစ်ယောက်ရှိပါတယ်။ ဒါကြောင့်မို့ နှာခေါင်းကွဲ၊ အာခေါင်ကွဲတွေကိုလည်း ခွဲစိတ်ပေးတဲ့ အစီအစဉ်ဖြစ်ပါတယ်။

 

မေး။ နေပြည်တော်အလင်းနဲ့ နေပြည်တော်အပြုံးအဖြစ် ဆောင်ရွက်တဲ့ လုပ်ငန်းစဉ်ကိုလည်း သိပါရစေ။

ဖြေ။ ပထမဆုံးတော့ ကျေးလက်ကျန်းမာရေးဌာန၊ ဌာနခွဲရှိ ကျန်းမာရေးဆရာမတွေက သက်ဆိုင်ရာ နယ်မြေဒေသအလိုက်မှာ အသက်ကြီးပြီး မျက်စိ ခွဲချင်တဲ့ အတွင်းတိမ်လူနာ စာရင်းနဲ့ နှာခေါင်းကွဲ၊ အာခေါင်ကွဲစာရင်းကို ကောက်ပါတယ်။ ရရှိတဲ့ စာရင်းအရ အထူးကု ဆရာဝန်တွေနဲ့ တိုင်ပင်ပြီး တစ်လကို လူဦးရေ ဘယ်လောက်ခွဲပေးနိုင်မလဲဆိုတဲ့ အပေါ်မူတည်ပြီး ဆောင်ရွက်မှာ ဖြစ်ပါတယ်။

 

မေး။ မျက်စိခွဲစိတ်ဖို့အတွက် နေပြည်တော်အတွင်း ဘယ်ဆေးရုံတွေမှာ ခွဲစိတ်ပေးမှာပါလဲ။

ဖြေ။ မျက်စိ ခွဲစိတ်စစ်ဆေးပေးနိုင်တာက နေပြည်တော် ကုသရေးဦးစီးဌာန လက်အောက်မှာရှိတဲ့ နေပြည်တော်ပြည်သူ့ဆေးရုံ ခုတင် ၃၀၀၊ ပျဉ်းမနားပြည်သူ့ဆေးရုံ ခုတင် ၂၀၀ တို့မှာ ခွဲစိတ်ပေးမှာဖြစ်ပါတယ်။ ဒီ ခုတင် ၃၀၀ နဲ့ ခုတင် ၂၀၀ မှာ မနိုင်တဲ့ ကိစ္စမျိုး၊ လူများတယ်ဆိုရင် မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်းဆေးရုံ/ဗဟို အဆင့်ဆေးရုံဖြစ်တဲ့ ဥတ္တရသီရိမြို့နယ်မှာရှိတဲ့ ခုတင် ၅၀၀ ကို လွှဲပေးပြီး ခွဲစိတ်မှာဖြစ်ပါတယ်။ ဒီ ခုတင် ၃၀၀၊ ခုတင် ၂၀၀ နဲ့ ခုတင် ၅၀၀ ဆေးရုံတွေက အထူးကုဆရာဝန်တွေက အခမဲ့ခွဲစိတ်ကုသပေးမယ့် အစီအစဉ်ဖြစ်ပါတယ်။

 

မေး။ နေပြည်တော်အလင်းနဲ့ နေပြည်တော်အပြုံး အစီအစဉ်မှာ မျက်စိအတွင်းတိမ်နဲ့ နှာခေါင်းကွဲ၊ အာခေါင်ကွဲ ခွဲစိတ်မယ့်အရေအတွက် ဘယ်လောက်လောက် ခွဲစိတ်ပေးမှာပါလဲ။

ဖြေ။ မျက်စိအတွင်းတိမ် ခွဲမယ့်စာရင်းက ၁၈၂  ဦးနဲ့ နှုတ်ခမ်းကွဲ/အာခေါင်ကွဲစာရင်းက ၄၈ ဦး ရရှိပြီးဖြစ်ပါတယ်။ စာရင်းကောက်တာကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်နေမှာ ဖြစ်ပါတယ်။ လစဉ်ဆောင်ရွက်ပြီး ရေရှည်သွားမှာဖြစ်တဲ့အတွက် လူဦးရေကန့်သတ်မထားပါဘူး။

 

မေး။ မျက်စိစပြီး ခွဲစိတ်မယ့်အချိန်က ဘယ်အချိန်လောက်ဖြစ်မလဲ။

ဖြေ။ မေလ ၁၄ ရက်နေ့ကစပြီး ခွဲစိတ်မှာ ဖြစ်ပါတယ်။ တစ်ကြိမ်ပြီးတစ်ကြိမ် ခွဲစိတ်မယ့် လူဦးရေကို ကြေညာသွားမှာ ဖြစ်ပါတယ်။

 

မေး။ နေပြည်တော်အပြုံးအစီအစဉ်နဲ့ ပတ်သက်ပြီးလည်း ပြောပြပေးစေလိုပါတယ်။

ဖြေ။    နေပြည်တော်အပြုံး ခေါင်းစဉ်အောက်မှာ ခွဲစိတ်မယ့် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာက မျက်စိခွဲမယ့် လူနာထက်စာရင် နည်းပါတယ်။ နေပြည်တော်အလင်းအစီအစဉ်ကို အရင်ဆောင်ရွက်ပြီးမှ နေပြည်တော်အပြုံးအစီအစဉ်ကို ဆောင်ရွက်မှာဖြစ်ပါတယ်။ ရရှိပြီးတဲ့ နှာခေါင်းကွဲ၊ အာခေါင် ကွဲလူနာစာရင်းကိုပဲ နေပြည်တော်အပြုံးဆိုတဲ့ အစီအစဉ်နဲ့ ခွဲစိတ်ပေးမှာ ဖြစ်ပါတယ်။

 

မေး။ သွားနဲ့ပတ်သက်ပြီး တခြားဆောင်ရွက်ပေးမယ့် အစီအစဉ်ကိုလည်း သိပါရစေ။

ဖြေ။ သွားမကောင်းတဲ့သူတွေအတွက် အံကပ်တပ်ပေးမယ့်အစီအစဉ်လည်း ရှိပါတယ်။ အံကပ်တွေကိုလည်း အခမဲ့တပ်ပေးမှာ ဖြစ်ပါတယ်။ အလှူရှင်ရှိရင် ရှိသလိုလည်း ထပ်တိုးတပ်ပေး နိုင်မှာဖြစ်ပါတယ်။ အံကပ်က တစ်လကို လူဦးရေ ၈၀ လောက်တော့ အံကပ်တပ်ပေးနိုင်ပါတယ်။

 

မေး။ လက်ရှိ စာရင်းကောက်ပြီးတဲ့ထဲ မပါသေးဘဲ နောက်ထပ်စာရင်းပေးလိုတဲ့ ပြည်သူတွေ အတွက်ကို ဘယ်လို သတင်းစကားပါးလိုပါသလဲ။

ဖြေ။ နေပြည်တော်အလင်းနဲ့ နေပြည်တော်အပြုံး အစီအစဉ်အဖြစ် လစဉ်အကြိမ်ကြိမ် ခွဲစိတ် ပေးနေမှာဖြစ်တဲ့အတွက် ခွဲစိတ်လိုတဲ့လူနာတွေအနေနဲ့ နေပြည်တော်အတွင်း မြို့နယ် ရှစ်မြို့နယ် မှာရှိတဲ့ မြို့နယ်ပြည်သူ့ဆေးရုံတွေနဲ့ မြို့နယ်အလိုက် သက်ဆိုင်ရာ ကျေးလက်ကျန်းမာရေးဌာန/ ဌာနခွဲများမှာ စာရင်းပေးလို့ရပါကြောင်း ပြောကြားလိုပါတယ်။

တွေ့ဆုံမေးမြန်း - ရွှေပင်လယ်(IPRD)

ဓာတ်ပုံ - ဟိန်းသူအောင်(ဇမ္ဗူ)