မြစ်ကြီးနားမြို့ မြန်မာနိုင်ငံ လီဆူဓမ္မကောလိပ်ကျောင်း၌ ယာယီတိမ်းရှောင်လာသော ပြည်သူများအား အခြေခံ စားသောက်ကုန်များ ထောက်ပံ့

မြစ်ကြီးနား မေ ၁၅

 

ကချင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း လတ်တလော နယ်မြေမတည်ငြိမ်မှု ဖြစ်စဉ်ကြောင့် မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်အတွင်းရှိ ကျေးရွာများမှ နေရပ်စွန့်ခွာ တိမ်းရှောင်လာသော ပြည်သူများအား နေထိုင်စားသောက်မှု အဆင်ပြေစေရေးနှင့် မိုးမကျမီ အမိုး/အကာဖြင့် လုံခြုံစွာ နေထိုင်နိုင်ရေး စီမံဆောင်ရွက်ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မေ ၁၄ ရက် ညနေပိုင်းက မြစ်ကြီးနားမြို့ ရွှေစက်ရပ်ကွက်အတွင်းရှိ မြန်မာနိုင်ငံ လီဆူဓမ္မကောလိပ်ကျောင်း ဝတ်ပြုဆောင်၌ သွားရောက်တွေ့ဆုံ အားပေးသည်။

 

တွေ့ဆုံရာတွင် အိမ်ထောင်စုများအား ပြည်နယ်ဝန်ကြီးချုပ်က “မိုးမကျမီ မိသားစုများ အမိုးအကာဖြင့် လုံခြုံစွာ နေထိုင်နိုင်ရေး အမြန်ဆုံး စီစဉ်ဆောင်ရွက်ပေးလိုကြောင်း၊ လိုအပ်ချက်၊ အခက်အခဲများကို ကာလအတိုင်းအတာတစ်ခုအထိ ရင်ဆိုင်ဖြတ်ကျော်ရာတွင် မိမိတို့အားလုံးက အတူတကွ ဝိုင်းဝန်းကျော်ဖြတ်ကြရမည်ဖြစ်ကြောင်း” အားပေးစကားပြောကြားသည်။ ယင်းနောက် ‌ထောက်ပံ့ပစ္စည်းများကို ပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများက မြစ်ကြီးနားမြို့၊ ရွှေစက်နှင့် မန်ခိန်ရပ်ကွက်အတွင်းရှိ ရွှေစက်နှစ်ခြင်း၊ မန်ခိန်နှစ်ခြင်း၊ မူရင်းနှစ်ခြင်းအသင်းတော်၊ ခရစ်တော်၏ အသင်းတော်စသည့် ဘာသာရေးကျောင်းဝင်းများအတွက် ယာယီခိုလှုံနေထိုင်လျက်ရှိသည့် အိမ်ထောင်စု ၁၀၃ စု၊ လူဦးရေ ၄၀၀ ကျော်တို့အတွက် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ထောက်ပံ့သည့် ငွေကျပ် ၇၆၂၂၀၀၀ တန်ဖိုးရှိ ဆန်အိတ် ၁၀၃ အိတ်နှင့် ကချင်ပြည်နယ် အစိုးရအဖွဲ့က ငွေကျပ် ၆၇၈၂၅၅ တန်ဖိုးရှိ ဆီနှင့် ကြက်ဥများကို ပေးအပ်ကြပြီး တိမ်းရှောင် မိသားစုများကိုယ်စား ပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။

 

ထို့နောက် အိမ်ထောင်စုများ ယာယီခိုလှုံနေထိုင်လျက်ရှိသည့် အသင်းတော်များမှ တာဝန်ရှိသူများက နေအိမ်လိုအပ်ချက်၊ ကျန်းမာရေး၊ ပညာရေးနှင့် အခက်အခဲများကို တင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များကို ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးပြီး အိမ်ထောင်စုများအတွက် နေအိမ်ဆောက်လုပ်ရာတွင် အထောက်အပံ့ ဖြစ်စေရေး ငွေကျပ် သိန်း ၃၀ ကို ထောက်ပံ့သည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ရွှေစက်ရပ်ကွက်၊ နယ်မြေ ၁၃ အတွင်းရှိ အသင်းတော်ပိုင်ဝင်းအတွင်း အိမ်ထောင်စုများအတွက် သွပ်မိုး၊ ဝါးကြမ်းခင်း၊ ထရံကာ နေအိမ် တန်းလျားများ တည်ဆောက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး မိသားစုများအတွက် ရေအိမ်သာများ တိုးချဲ့တည်ဆောက် နိုင်ရေး၊ ရေကန်အသစ်တစ်ခုတည် ဆောက်ပေးနိုင်ရေးအတွက် ငွေကျပ် ၂၅ သိန်းကို ထောက်ပံ့ပေးအပ်ပြီး နေအိမ်များအတွင်း လျပ်စစ်မီး သွယ်တန်းပေးနိုင်ရေး ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

 

အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်နှင့်အတူ မြစ်ကြီးနား မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ၊ အရာထမ်း၊ အမှုထမ်းများ၊ Kachin State Clean & Green Team အဖွဲ့ဝင်များက မြစ်ကြီးနားမြို့ စီတာပူတံတားမှ မနောကွင်းရှေ့ထိ သခင်နက်ဖေလမ်းတစ်လျှောက် လမ်းဘေးဝဲ/ယာများနှင့် စီတာပူတံတားအောက် အင်ဂျန်းခချောင်းတစ်လျှောက် သစ်ပင်ကြီးများ ခုတ်ထွင်ခြင်း၊ အမှိုက်များ ကောက်ယူခြင်း၊ ချောင်းရေစီးရေလာ ကောင်းမွန်ရေး ရှင်းလင်းပေးခြင်းတို့ စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

 

ပြည်နယ်(ပြန်/ဆက်)