တရားမဝင် သစ်မျိုးစုံ၊ စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ မော်တော်ဆိုင်ကယ်များနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော်၊ မေလ ၁၂

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မေ ၁၀ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့စဉ် မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ တစ်လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် တရုတ်နိုင်ငံထုတ်လျှပ်စစ်လုပ်ငန်းသုံးပစ္စည်း Earthing Lug ကီလိုဂရမ် (၁၈၀) အပါအဝင် ကုန်ပစ္စည်း (၁၄) မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၆,၉၅၀,၀၅၀) ကိုလည်းကောင်း၊ အေးရှားဝေါလ် ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ နှစ်လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် Super King အင်ဂျင်ဝိုင် (၁၅၄၈) ကီလိုဂရမ်၊ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်း Bolt & Nut ကီလိုဂရမ် (၂၇၁၅၀) အပါအဝင် ကုန်ပစ္စည်း (၃) မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၅,၆၄၇,၂၄၀) ကိုလည်းကောင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ခရီးသည်တစ်ဦး၏ ဝန်စည်အတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် နယ်သာလန်နိုင်ငံထုတ် Starlink Standard Kit Wifi Router လေးစုံ (ခန့်မှန်းတန်ဖိုးငွေကျပ် ၇,၅၀၀,၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁၀,၀၉၇,၂၉၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

mdn

ထို့ပြင် မေ ၁၀ ရက်တွင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဇာသပြင်ပူးပေါင်း စစ်ဆေးရေး စခန်း၌ မြဝတီမြို့မှ မော်လမြိုင်မြို့သို့ သွားရောက်မည့် မော်တော်ယာဉ်နှစ်စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Yum Yum ခေါက်ဆွဲခြောက် ထုပ် (၉၀၀) ၊ Refreshing Snow Cologne Towels စနိုးတာဝါအထုပ် (၂၀၀၀၀) ၊ ပုစွန်နှစ်ကောင် စားအုန်းဆီ ငါးလီတာပါ ဘူး (၁၀၀) ၊ Ceramic Tile ကြွေပြားချပ် (၃၉၆၀) ၊ Dream Bed အခု (၄၀) အပါအဝင် ကုန်ပစ္စည်း (၁၉) မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄,၅၂၄,၂၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Canter နှစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၄,၅၂၄,၂၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့် အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။

mdn

 

ထို့ပြင် မေ ၁၀ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရွာသာကြီး Dry Port ၌ ဘားအံမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ် နှစ်စီးပေါ်မှ သွင်းကုန် ကြေညာလွှာတွင် ကြေညာထားခြင်း မရှိသည့် တရုတ်နိုင်ငံထုတ် Zuotu စက်ဘီးအစီး (၇၀၀) နှင့် ကလေးစီးဆိုင်ကယ်ဘက်ထရီ အလုံး (၁၀၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇,၉၇၀,၂၀၀)နှင့် အဆိုပါပစ္စည်း များ တင်ဆောင်လာသည့် Hino Profia Truck နှစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၈,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုး‌ ငွေကျပ် ၇၅,၉၇၀,၂၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့် အညီအရေးယူ ဆောင်ရွက်လျက်ရှိသည်။

mdn

 

ထို့ပြင် မေ ၁၀ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မော်လိုက်မြို့နယ်အတွင်း၌ လိုင်စင်မဲ့ FZ မော်တော်ဆိုင်ကယ် တစ်စီးနှင့် Canda 125 မော်တော်ဆိုင်ကယ်တစ်စီး စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၅၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

mdn

 

 

ထို့ပြင် မေ ၁၁ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ပဲခူးခရိုင်နှင့် တောင်ငူခရိုင်တို့အတွင်း၌ တရားမဝင် ကျွန်းသစ် (၂ ဒသမ ၇၀၆) တန်၊ သစ်မာ (၉ ဒသမ ၉၅၈) တန်၊ အခြားသစ် (၁ ဒသမ ၇၈၀) တန် စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၀၆၃,၃၇၇) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ မေ ၉ ရက်နှင့် ၁၀ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၉)မှု၊ (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၈၆,၅၀၅,၀၆၇) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်