“ကျွန်တော် သက္ကရာဇ် ၂၀၀၀ ကို ကြည့်သွားချင်တယ်”ဟု ပြောခဲ့ပါသည်။ သို့သော် သူမရှိတော့လေပြီ။ ၂၀၀၀ ပြည့်နှစ် မရောက်ခင် ၁၉၈၈ ခုနှစ်ကာလမှာပင် အသက် ၅၄ နှစ်နှင့် မြရတနာဆေးရုံတွင် ဆုံးပါးခဲ့ရရှာပါသည်။ သူ့ကို ကျွန်တော်က စွယ်စုံရမင်းသားကြီးဟု တင်စားခေါ်ဝေါ်ခဲ့လေသည်။ သူ့ကို မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌအဖြစ်နှင့် သိကျွမ်းခဲ့ရပါသည်။ ကျွန်တော်က အခမ်းအနားမှူးအဖြစ် တာဝန်ယူခဲ့သူပါ။
ပြီးတော့ သူ့ရဲ့ညီဖြစ်သူ ဦးသန်းကျော်ညွန့် (မြန်မာ့ရေကူး လက်ရွေးစင်နှင့် အား/ကာဒုညွှန်မှူး-ငြိမ်း)ကလည်း ကျွန်တော်နှင့် တစ်ရုံးတည်း အောင်ဆန်း အားကစားကွင်းမှာပါ။ နောက်ပြီး မင်းသားအောင်မိုးကလည်း အလေးမ သမားဖြစ်လေတော့ ကျွန်တော်တို့ အား/ကာ အိုလံပစ်ဂျာနယ်တွင်လည်း လုပ်အားပေးဆောင်ရွက်သည်မို့ ကျွန်တော်တို့တစ်တွေဟာ အားကစား မိသားစုပေါ့။
မှတ်မိပါသေးသည်...
ကျွန်တော် ၁၀တန်း (တက္ကသိုလ်ဝင်တန်း) တုန်းက အောင်ဆန်း သူရိယလှသောင်း အထက်တန်းကျောင်း မင်္ဂလာဒုံမှာပါ။ ၁၉၆၀-၆၁ ခုနှစ်လောက် ဖြစ်မှာပါ။ ကိုဝင်းဦး တပ်ကထွက်ပြီး ရုပ်ရှင်မင်းသား နာမည်ရခါစပေါ့။ အောက်က ဘောင်းဘီဖြူ၊ စပို့ရှပ် အင်္ကျီအနီရောင်၊ သူစီးလာတဲ့ ပြိုင်ကားလေးကလည်း အောက်က အနီရောင်၊ အပေါ်က အဖြူရောင်ပါ။ ကျွန်တော်တို့ ကျောင်းကို ငွေလာလှူတာပါပဲ။
နောက်တော့ ကျွန်တော် တက္ကသိုလ်တက်ပြီး ၁၉၆၈ခုနှစ် အလေးမအဖွဲ့ချုပ်မှာ ပြန်ဆုံကြပါသည်။ (ထိုစဉ်က အလေးမ အဖွဲ့ချုပ်နှင့် ကာယဗလကို တွဲဖက်ထားပါသည်။)
သူ့မှာ မွေးချင်းကိုးယောက် ရှိပါသည်။ အကြီးဆုံးက မိန်းကလေး တင်တင်ဦးပါ။ နောက်တော့ (ကိုကျော်ဝင်း)ဝင်းညွန့်၊ (ကိုကိုဦး) ဝင်းဦး၊ (ကိုအုန်းကြိုင်) အောင်မိုး၊ ကြည်ရွှင်၊ စိုးညွန့်၊ အေးညွန့်၊ သန်းကျော်ညွန့်နဲ့ အငယ်ဆုံးက မာလာညွန့်ဖြစ်ပါသည်။ ကိုဝင်းဦး၊ ကိုဝင်းညွန့်၊ ကိုအောင်မိုး တို့က ရုပ်ရှင်မင်းသားနာမည်ကျော်တွေ ဖြစ်လာပြီး ကိုကြည်ရွှင်ကလည်း အဆိုနာမည်ကျော်ပါ။ ကိုကြည်ရွှင်က ကာယဗလ ကစားဖော်ကစားဖက် ဖြစ်ပါသည်။
ကိုသန်းကျော်ညွန့်က မြန်မာ့ရေကူးလက်ရွေးစင် ဖြစ်လာပါတယ်။ ၁၉၆၉ မှ ၁၉၇၉ အထိပါ။ ဒါပေမယ့် ကိုဝင်းဦး၊ ကိုဝင်းညွန့်တို့က ကာယဗလကို စိတ်ဝင်စားပြီး ကိုအောင်မိုးကတော့ အလေးမ နာမည်ကြီးတစ်ဦး ဖြစ်ပါသည်။
ကိုဝင်းဦးကို အများစုက သိကြတာကတော့ ရုပ်ရှင်အကယ် ဒမီမင်းသား၊ အဆိုတော်ရယ်ပေါ့။ ဒါပေမယ့် ကိုဝင်းဦးသည် ကိုကိုဦးအဖြစ်နှင့် တပ်မတော်အရာရှိဘဝတွင် ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးကြီးအောင်ဒင် (ငြိမ်း-အား/ကာ)နှင့်အတူ ရှေ့တန်းတွင် တိုက်ပွဲဝင်ခဲ့သူပါ။ ဗိုလ်ကြီးဘဝအထိ တာဝန်ထမ်းဆောင်ခဲ့ပါသည်။
နောက်တော့ ရုပ်ရှင်မင်းသား၊ အဆိုတော်၊ စာရေးဆရာ၊ ဒါရိုက်တာ၊ ပြဇာတ်မင်းသား၊ မဂ္ဂဇင်းထုတ်ဝေသူ (စန္ဒာမဂ္ဂဇင်း) မြန်မာနိုင်ငံအလေးမနှင့် ကျွမ်းဘား အဖွဲ့ချုပ်တွင် ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူပါ။
ကျွန်တော် သူ့စကားတစ်ခွန်းကို ယခုတိုင် မှတ်မိနေတာကတော့ ကိုဝင်းဦးကို နိုင်ငံခြားအားကစားပြိုင်ပွဲတစ်ခုအတွက် နိုင်ငံခြားကို အဖွဲ့ခေါင်းဆောင်အဖြစ် လိုက်ဖို့ပြောတဲ့အခါ သူပြန်ပြောလိုက်တာက “ကျွန်တော် နိုင်ငံခြားကိုလည်း အခါခါရောက်ခဲ့ပါပြီ။ ဘဝလည်း စုံခဲ့ပါပြီ။ ကျွန်တော့်အစား အားကစားသမားတစ်ယောက်ကို ထည့်လိုက်ပါလား” တဲ့ သူ့ရဲ့ စိတ်ဓာတ်ကို ကျွန်တော် ချီးကျူးမိပါတော့သည်။
ကျွန်တော် သူ့မဂ္ဂဇင်း စန္ဒာတွင် (ဘားလမ်းအပေါ် ဘလောက်-ရန်ကုန်)ဆောင်းပါးသုံးပုဒ်ရေးခဲ့ရာတွင် တစ်ပုဒ်ကို ငွေကျပ် ၁၅၀ နှင့် ကျပ်၄၅၀ ချီးမြှင့်ခဲ့ပါသည်။ ဆောင်းပါးတစ်ပုဒ် ငွေကျပ် ၁၅၀ သည် ထိုစဉ်က အောက်ခြေဝန်ထမ်း တစ်လခနှင့် ညီမျှခဲ့ပါသည်။ စာပေကို အားပေး ချစ်မြတ်နိုးကြောင်း၊ တန်ဖိုးထားကြောင်း ပြသခြင်းပင် ဖြစ်ပါသည်။
ကျွန်တော့်ဆောင်းပါး သုံးပုဒ်က “ကာယဗလ မြို့တော်” ဆိုတဲ့ YORK မြို့အကြောင်း၊ “ကမ္ဘာ့ကာယဗလ စင်မြင့်ပေါ်က မြန်မာ”ဆိုတဲ့ ကာယဗလ ဦးသန်းထွန်း၊ လန်ဒန်မြို့မှာ ကာယဗလပြိုင်ပွဲဝင် King of Poser ဒုတိယဆုရတဲ့အကြောင်းနဲ့ “မြန်မာ့ဂုဏ်ဆောင် တပ်မတော်မှ အားကစားသမားများ” အကြောင်းပဲ ဖြစ်ပါသည်။ ကိုဝင်းဦးရဲ့ ဖခင်ကတော့ ရာဇဝင် ပါမောက္ခ ဦးဘညွန့် ဖြစ်ပါသည်။
စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်ဆိုရင် သူ့ရုံးခန်းမှာ ဆရာ မြသန်းတင့်၊ ဦးကျော်အောင်၊ ဆရာမင်းကျော်၊ စန္ဒရားလှထွဋ် တို့နဲ့ဆုံပြီး ပညာဆည်းပူး တတ်သူပါ။
သူ့ကို ရုပ်ရှင်လောကထဲရောက်ဖို့ တွန်းအားပေးခဲ့တာ ဒေါ်တင်တင်မူ (ရုပ်ရှင်မင်းသမီး)နှင့် ရှုမဝဦးကျော်တို့ပဲ ဖြစ်ပါသည်။ ရှုမဝမဂ္ဂဇင်းမှာ စာမူတွေ ပို့ရင်းနဲ့ ရှုမဝဦးကျော်၊ ဒေါ်တင်တင်မူတို့နဲ့ သိကျွမ်းခဲ့ပြန်ပါသည်။
သူ့ကို ရုပ်ရှင်မင်းသားအဖြစ်နဲ့ “နှစ်ယောက်ထဲ နေချင်တယ်၊ ဆောင်း အိပ်မက်၊ အတွယ်အတာ၊ မောင်တို့ ချယ်ရီမြေ၊ ကျောက်မဲအကျဉ်းသား၊ တိမ်လွှာမို့မို့လွင်၊ တစ်ကျော့ နှစ်ကျော့ တေးကိုသီ၊ မှုံရွှေရည်၊ ခိုင်မာလာ နှင်းဆီ ဇာတ်ကားများကို မလွတ်တမ်းကြည့်ခဲ့ပါသည်။
မြန်မာ့ရုပ်ရှင် နှစ် ၁၀၀ တိုင်သော်လည်း ကိုဝင်းဦးကိုတော့ နောင် နှစ်ပေါင်းများစွာတိုင် မမေ့နိုင်ပါတော့သည်။ ။
တက္ကသိုလ်ကျော်စိန်သန်း


