မောင်စာဂ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ လိုက်နာရမည့် စံလုပ်ငန်းလမ်းညွှန် အပိုင်း (၁) ကို ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ ယခုတစ်ဖန် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအား ကိုဗစ်-၁၉ ရောဂါ အန္တရာယ်ကင်းရှင်းစွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် လိုက်နာဆောင်ရွက်ရမည့် စံလုပ်ငန်းလမ်းညွှန် အပိုင်း (၂) ကို ထုတ်ပြန် ပေးလိုက်သည်။ ယင်းထုတ်ပြန်ချက်တွင်ပါရှိသော မဲရုံပြင်ဆင်ရာတွင်လိုက်နာရမည့်အချက်၊ မဲရုံဝန်ထမ်းများ၊ မဲရုံကိုယ်စားလှယ်များနှင့်လေ့လာသူများ၊ မဲဆန္ဒရှင်များလိုက်နာရမည့် အချက်များကို အနှစ်ချုပ်မျှဝေပါရစေ။
မဲရုံပြင်ဆင်ခြင်း(အထွေထွေ)
မဲရုံအား လေဝင်လေထွက်ကောင်းမွန်ပြီး နေရာကျယ်ဝန်းသည့် တက္ကသိုလ်၊ ကောလိပ်၊ စာသင်ကျောင်းနှင့် အခြားသင့်လျော်သည့်နေရာများ တွင် ထားရှိမည်။ လူဦးရေထူထပ်မှုမရှိစေရန် မဲရုံအား အဝင်တစ်လမ်း၊ အထွက်တစ်လမ်း ကြိုတင်ပြင်ဆင်ထားရှိမည်။ တစ်ဦးနှင့်တစ်ဦး ကွာခြား ရမည့်အကွာအဝေးကို ခြောက်ပေခြားသတ်မှတ်သည့် အမှတ်အသားများထားရှိ ဆောင်ရွက်မည်။ မဲရုံပရိဝုဏ်အတွင်းတွင် မဲဆန္ဒရှင်ပြည်သူများနှင့် အခြားသူများ အသုံးပြုနိုင်ရန်အတွက် လက်ဆေးရန်နေရာများ သတ်မှတ် ဆောင်ရွက်မည်။ အဖုံးပါသောအမှိုက်ပုံးများထားရှိ၍ အမှိုက်များကို စနစ် တကျ စွန့်ပစ်ခြင်းပြုမည်။
မဲရုံနှင့်မဲရုံသုံးပစ္စည်းများအား ရွေးကောက်ပွဲမကျင်းပမီတစ်နေ့နှင့် ရွေးကောက်ပွဲကျင်းပပြီး နောက်နေ့တွင် ပိုးသန့်စင်ခြင်းလုပ်ငန်းများ ဆောင်ရွက် ရန် စီစဉ်ထားရှိမည်။ အဖျားရှိသူတွေ့ရှိပါက လိုအပ်သည့်သတင်းပို့ဆောင် ရွက်မှုများ ပြုလုပ်နိုင်ရန် သက်ဆိုင်ရာ ကျန်းမာရေးဌာနနှင့် ချိတ်ဆက် ထားရှိ မည်။ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ပညာပေးပိုစတာများ ကပ်ထားမည်။
မဲရုံပြင်ပပြင်ဆင်ခြင်း
Non contact thermometer များထားရှိခြင်း၊ အပူချိန်တိုင်းတာခြင်းနှင့် မှတ်တမ်းတင်ခြင်း၊ မဲရုံပြင်ပတန်းစီခြင်း၊ Mask များထုတ်ပေးခြင်း၊ လက် သန့်စင်ခြင်း စသည်တို့ကို ဆောင်ရွက်ရန် အဖွဲ့များ ဖွဲ့စည်းထားရှိမည်။ တန်းစီသည့်နေရာအား တစ်နေရာတည်းသတ်မှတ်၍ တန်းစီစေခြင်း၊ သို့ မဟုတ် လူဦးရေများသောမဲရုံများတွင် နှစ်တန်း သို့မဟုတ် သုံးတန်းခွဲ၍ စီမံ ဆောင်ရွက်မည်။ အသက် အရွယ်ကြီးရင့်သူများ၊ မကျန်းမာသူများ၊ ကလေး သူငယ်ဖြင့်လာသူများနှင့် မသန်စွမ်းသူများအတွက် ဦးစားပေးစနစ်ဖြင့် ခွင့်ပြု မည်။ တန်းစီခြင်းစနစ်အတွက် ပလတ်စတစ်ကြိုး၊ ဝါးလုံးတန်း၊ တိပ် စသည့် ဒေသအလိုက် သင့်လျော်မည့် အရံအတားများဖြင့် အသုံးပြုမည်။
မဲရုံအတွင်းပြင်ဆင်ခြင်း
မဲရုံအတွင်း၌ ရေမလိုလက်သန့်ဆေးရည်များ အနည်းဆုံး ငါးနေရာတွင် ထားရှိမည်။ မဲရုံအတွင်း မဲရုံကိုယ်စားလှယ်များ၊ အကူကိုယ်စားလှယ်များ၊ လေ့လာသူများ၏ ထိုင်ခုံနေရာများအား ခြောက်ပေခြား သတ်မှတ်ထားရှိမည်။ မဲဆန္ဒရှင်ဦးရေ ၅၀ လျှင် လက်သန့်ဆေးရည် (500ml) ထားရှိမည်။
မဲရုံဝန်ထမ်းများလိုက်နာရန်
မိမိကိုယ်တိုင် သို့မဟုတ် မိမိမိသားစုဝင်များ/ မိမိနှင့်အနီးကပ်ထိတွေ့သူများတွင် အဖျားရောဂါရှိခြင်း သို့မဟုတ် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ ဖြစ်ပွားနေပါက ခွင့်တိုင်ကြား ဆောင်ရွက်မည်။ မဲပေးရန် လာရောက်မည့်သူများအား မဖြစ်မနေ Mask တပ်ဆင်ရန်တိုက်တွန်း ဆောင် ရွက်မည်။ Mask မပါလာပါက Mask များ အခမဲ့ပေးမည်။ မှတ်ပုံတင်ထည့်ရန် ပလတ်စတစ်အိတ်အကြည်များ အခမဲ့ပေးဝေမည်။ မဲရုံဝင်ပေါက်တွင် အဖျား တိုင်းတာမည့်သူအနေဖြင့် Mask များအပြင် Apron အသုံးပြုမည်။ မဲရုံ ဝင် ပေါက်၌ အဖျားတိုင်းတာရာတွင် COVID-19 Infrared (Non-touch) အပူချိန် တိုင်းကိရိယာကို အသုံးပြု၍ အပူချိန်တိုင်းတာခြင်းလုပ်ငန်း လမ်းညွှန် (၄-၅-၂၀၂၀) အတိုင်း တိကျစွာ လိုက်နာဆောင်ရွက်မည်။
မဲလာပေးသူတစ်ဦးဦးတွင် အပူချိန် ၃၈ ဒီဂရီစင်တီဂရိတ်အထက် မြင့်တက်နေပါက ၁၅ မိနစ်ခန့် စောင့်ခိုင်းပြီး အဖျားပြန်လည်တိုင်းတာမည်။ အပူချိန်ဆက်လက်မြင့်တက်နေပါက မဲရုံမှူးနှင့် ကျန်းမာရေး တာဝန်ရှိသူများအား အသိပေး၍ လမ်းညွှန်ချက်များအတိုင်း ဆောင်ရွက်မည်။ တာဝန် ထမ်းဆောင်နေစဉ်ကာလအတွင်း Mask, Face shield, လက်အိတ်များ မဖြစ် မနေ ဝတ်ဆင်မည်။ (ဝတ်ဆင်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ပါးစပ်နှင့် နှာခေါင်းစည်း (Mask) စနစ်တကျဝတ်ဆင်မည်)။ ရွေးကောက်ပွဲ လုပ်ငန်းလမ်းညွှန်တွင်ပါရှိသည့် ကျန်းမာရေးဆိုင်ရာလမ်းညွှန် ချက်များအား တိကျစွာလိုက်နာ ဆောင်ရွက်မည်။
မဲရေတွက်ရာတွင်လိုက်နာရန်
Mask, Face shield, လက်အိတ်များ မဖြစ်မနေ ဝတ်ဆင်မည်။ မဲရေတွက်သူ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာအဝေးဖြင့် ရေတွက်မည်။ လက်သန့်ဆေးရည်ဖြင့် မကြာခဏဆေးမည်။ မဲရေတွက်ရာသို့ လာရောက်မည့် သူများနှင့် လေ့လာမည့်သူများ လူစုလူဝေးမဖြစ်စေရန် ဆောင်ရွက်မည်။ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာအဝေးတွင် ရှိနေစေမည်။
မဲရုံကိုယ်စားလှယ်များနှင့် လေ့လာသူများလိုက်နာရန်
မိမိကိုယ်တိုင် သို့မဟုတ် မိမိ၏ မိသားစုဝင်များ/ မိမိနှင့် အနီးကပ် ထိတွေ့သူများတွင် အဖျားရောဂါရှိခြင်း သို့မဟုတ် အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါလက္ခဏာများ ဖြစ်ပွားနေပါက လုံးဝ (လုံးဝ) လာရောက်ခြင်း မပြုရပါ။ Mask သို့မဟုတ် Face shield နှင့် လက်အိတ်များ မဖြစ်မနေ ဝတ်ဆင်ရမည်။ လေ့လာသူတို့သည် တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာအဝေးဖြင့် စနစ်တကျ စောင့်ကြည့်မည်။ လက်မကြာခဏဆေးရမည်။
မဲဆန္ဒရှင်များလိုက်နာရန်
မိမိကိုယ်တိုင်တွင် အဖျားနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ လက္ခဏာများရှိနေပါက မဲရုံတာဝန် ရှိသူများအား ကြိုတင်အသိပေး ဆောင်ရွက်မည်။ မဲပေးရန်လာရောက်သည့် မဲဆန္ဒရှင်များအနေဖြင့် မဖြစ်မနေ Mask တပ်ဆင်၍ လာရောက်ရမည်။ မဲပေးသူတစ်ဦးနှင့်တစ်ဦး ခြောက်ပေ အကွာ အဝေးဖြင့် စနစ်တကျတန်းစီစောင့်ဆိုင်းရာတွင် တာဝန်ရှိသူ၏ စီမံခန့်ခွဲမှု အပေါ် ပူးပေါင်းဆောင်ရွက်ရမည်။ မဲရုံပရိဝုဏ်အတွင်းရှိ လက်ဆေးရန် နေရာတွင် ဆပ်ပြာဖြင့် စနစ်တကျ လက်ဆေးရမည်။ သို့မဟုတ် ရေမလို လက် သန့်ဆေးရည်ဖြင့် သန့်စင်ခြင်းပြုရမည်။ မဲရုံအဝင်ဝတွင် အဖျားတိုင်းတာခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပူးပေါင်းကူညီဆောင်ရွက်မည်။
နိုင်ငံသားမှတ်ပုံတင်ကတ်ပြား သို့မဟုတ် မဲပေးရန်အတွက်ပြသရမည့် မဲဆန္ဒရှင်သက်သေခံ လက်မှတ်အား ပလတ်စတစ်အိတ်အကြည်ဖြင့်ထည့်ပြီး ပြသရန်အတွက် ပူးပေါင်းဆောင်ရွက်မည်။ မဲရုံအတွင်း မဲပေးနေစဉ် ကာလ အတွင်း လက်သန့်စင်ဆေးရည်ဖြင့် မဲရုံအဝင်ဝတွင် တစ်ကြိမ်၊ မဲရုံမှ ပြန်လည် ထွက်ခွာချိန်တွင် တစ်ကြိမ် အနည်းဆုံး နှစ်ကြိမ် ဆေးကြောဆောင်ရွက်ခြင်း ပြုရမည်။
ဘေးကင်းရန်ကွာပျော်ရွှင်စွာ ဆန္ဒမဲပေးနိုင်ရေး
ရွေးကောက်ပွဲနေ့တွင် မဲဆန္ဒရှင်များမဲရုံသို့လာရောက်၍ ဘေးကင်းရန်ကွာ ပျော်ရွှင်စွာ ဆန္ဒမဲ ပေးနိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကြိုတင်၍ မဲရုံသရုပ်ပြမှုများ စီမံဆောင်ရွက်ခဲ့သည်။ ယင်း သရုပ်ပြမှုတွင် မဲရုံအတွင်းပြင်ဆင်မှု၊ မဲရုံမှူးနှင့် မဲရုံဝန်ထမ်းများ၊ မဲရုံ ကိုယ်စားလှယ်၊ အကူကိုယ်စားလှယ်များ၊ ရွေးကောက်ပွဲလေ့လာသူများအတွက် နေရာချထားမှု အခင်းအကျင်းများပါရှိသည်။ မဲရုံပြင်ပတွင် မဲစာရင်းများ ကပ်ထားမှု၊ ပယ်မဲ၊ ခိုင်လုံမဲနမူနာများ ကပ်ထားမှုအခင်းအကျင်းများ မဲဆန္ဒရှင် များလာရောက်၍ ဆန္ဒမဲမပေးမီနှင့် ဆန္ဒမဲစတင်ပေးသည့် အချိန်မှစ၍ ဆန္ဒမဲ ပေးပြီး မဲရုံမှ ပြန်လည်ထွက်ခွာသွားသည့် အခင်းအကျင်းများပါရှိသည်။ အဆင့်တိုင်း အဆင့်တိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စံလုပ်ငန်း လမ်းညွှန်ချက်များနှင့်အညီ ဖြစ်စေရေး စီမံဆောင်ရွက်ထားသည်။
မဲရုံသရုပ်ပြအခင်းအကျင်းစီမံဆောင်ရွက်ရာတွင် မဲဆန္ဒရှင်တစ်ဦး မဲစတင် ပေးသည့် အချိန်မှစ၍ ပြီးဆုံးသည့်အချိန်အထိ ကြာမြင့်သည့်အချိန်ကိုလည်း တွက်ချက်ထားသည်။ ခန့်မှန်းခြေအားဖြင့် မဲဆန္ဒရှင်တစ်ဦးလျှင် ငါးမိနစ်နှင့် ခြောက်မိနစ်ခန့်ကြာသည်။ မဲဆန္ဒရှင်တစ်ဦး မဲရုံအတွင်း ဝင်ရောက်ပြီးနောက် တစ်ဦးမှဝင်ရောက်ရန် စောင့်ဆိုင်းကြာချိန်သည် မိနစ်ဝက်ခန့်သာကြာပါမည်။ မဲဆန္ဒရှင်များ မဲပေးပြီး၍ မဲရုံမှထွက်ခွာသည့် အရေအတွက်သည် တစ်မိနစ်လျှင် နှစ်ယောက်နှုန်းခန့် ရှိသည်။ ဆန္ဒမဲပေးချိန် စုစုပေါင်းသည် နံနက် ၆ နာရီမှ ညနေ ၄ နာရီအထိဖြစ်၍ မိနစ် ၆၀၀ ကြာသည်။ ယင်းကာလအတွင်း မဲဆန္ဒရှင် ပေါင်း ၁၂၀၀ ခန့်ဆန္ဒမဲပေးနိုင်သည်။ မဲရုံတစ်ရုံတွင် အများဆုံးမဲဆန္ဒရှင် ၂၀၀၀ အထိသာ သတ်မှတ်ထားသည်။ မဲဆန္ဒရှင်တစ်ထောင်အထက်ကျော်ပါက အဆိုင်းနှစ်ဆိုင်းခွဲ၍ တစ်ပြိုင်တည်းဆန္ဒမဲပေးနိုင်ရေး စီစဉ်ထားသည်။ အကယ် ၍ မဲဆန္ဒရှင်အများဆုံး ၂၀၀၀ အထိရှိသော မဲရုံများတွင် အဆိုင်းနှစ်ဆိုင်းခွဲ၍ မဲပေးခြင်းဖြင့် အဆိုင်းတစ်ဆိုင်းလျှင် မဲဆန္ဒရှင် ၁၀၀၀ သာရှိပါမည်။ သတ် မှတ်ထားသည့် အချိန်အတွင်း ဆန္ဒမဲပေးနိုင်ပါမည်။
အကယ်၍ ညနေ ၄နာရီထိုးချိန် မဲဆန္ဒရှင်များမဲပေးမှု မပြီးဆုံးသည့်အခါ တွင် ၄ နာရီ မထိုးမီ မဲရုံပရိဝုဏ်အတွင်းရောက်ရှိနေသော မဲဆန္ဒရှင်အရေအတွက် ကို မှတ်သားထားရှိပြီး မဲဆန္ဒရှင်များ ကောင်းမွန်စွာ ဆန္ဒမဲပေးပြီးသည်အထိ ဆန္ဒမဲပေးမှုပြုသွားမည်လည်းဖြစ်သည်။ ထူးခြားချက်တစ်ရပ် အနေဖြင့် အသက် ၆၀ ကျော်သော မဲဆန္ဒရှင်များ၊ ဆီးချိုဝေဒနာခံစားနေသူများကို လည်း ဘေးအန္တရာယ် ကင်းရှင်းစွာဖြင့် ဆန္ဒမဲပေးနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အစီအမံများပြုလုပ်ဆောင်ရွက်သွားရန်လည်း ရှိပါသည်။
အုပ်ချုပ်ရေးမှူးများ၏စီမံခန့်ခွဲမှုကဏ္ဏ
ရပ်ကွက်တိုင်း၊ ကျေးရွာအုပ်စုတိုင်းတွင် အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ ဆယ်အိမ်မှူးများ ရှိကြပါသည်။ ၎င်းတို့၏ စီမံခန့်ခွဲမှုကဏ္ဍကလည်း အရေးကြီးပါသည်။ ဆန္ဒမဲပေးမည့်နေ့တွင် ဆယ်အိမ်မှူး၊ ရာအိမ်မှူးများက မိမိတို့အုပ်ချုပ်စီမံခန့်ခွဲရသည့် အပိုင်းအလိုက် မည်သူများက မည်သည့်အချိန်မှ မည်သည့်အချိန်အထိ မဲရုံသို့သွားရောက်၍ ဆန္ဒမဲပေးကြရမည်ဟူ၍ စနစ်တကျ ပူးပေါင်းဆောင်ရွက်သွားကြမည်ဆိုလျှင် အချိန်တိုအတောအတွင်း ပြီးစီးသွားနိုင်ပါသည်။ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရခြင်းမှလည်း ကောင်းစွာ ကာကွယ်တားဆီးသွားနိုင်ကြပါမည်။
ညီညွတ်ခြင်း၏အင်အား
ရွေးကောက်ပွဲစီမံခန့်ခွဲမှုများအားလုံးနှင့် တာဝန်ရှိမဲရုံအဖွဲ့ဝင်များ၊ မဲရုံ ကိုယ်စားလှယ်၊ အကူ ကိုယ်စားလှယ်များ၊ ရွေးကောက်ပွဲလေ့လာသူများ၊ မဲဆန္ဒရှင်များအားလုံးတို့သည် ဖော်ပြပါ စံလုပ်ငန်းလမ်းညွှန်အပိုင်း-၂ ကို ကောင်းစွာ လိုက်နာကြပြီး သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေး မှူးများ၊ ရာအိမ်မှူးများ၊ ဆယ်အိမ်မှူးများအားလုံးက စနစ်တကျ ပါဝင်ကူညီ ဆောင်ရွက်ပေးကြခြင်းအားဖြင့် ညီညွတ်ခြင်း၏ အင်အားတစ်ရပ်ဖြစ်စေပါသည်။ ညီညွတ်ခြင်း၏ အင်အားကြောင့် ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် မဲဆန္ဒရှင်များ ကိုဗစ်-၁၉ ရောဂါမှ ဘေးကင်းရန်ကွာ စိတ်ချမ်းသာစွာဖြင့် မဲရုံသို့သွားရောက်၍ ဆန္ဒမဲပေးနိုင်ကြမည် ဖြစ်ကြောင်းပါဗျာ။
- ရွေးကောက်ပွဲကဏ္ဍအလိုက်တာဝန်ရှိသူများနှင့် မဲဆန္ဒရှင်ပြည်သူ အားလုံး စံလုပ်ငန်း လမ်းညွှန်ချက် နှင့်အညီ ဆောင်ရွက်နိုင်ကြပါစေ၊
- ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတာဝန်ရှိသူများက စနစ်တကျပါဝင် ဆောင်ရွက်နိုင်ကြပါစေ၊
- မဲဆန္ဒရှင်ပြည်သူအားလုံး ဘေးကင်းပျော်ရွှင် စိတ်ချမ်းသာစွာဖြင့် ဆန္ဒမဲပေးနိုင်ကြပါစေ။ ။


