မောင်သာ (ရှေးဟောင်းသုတေသန)

ကုန်းဘောင်ခေတ်နှောင်းပိုင်း ဖြစ်သည့် ရတနာပုံခေတ် (ခရစ်နှစ် ၁၈၅၃-၁၈၈၅ )၌ မြန်မာဘုရင်နှစ်ပါးဖြစ်သည့် မင်းတုန်းမင်းနှင့် သီပေါမင်းတို့က အထက်မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့ကြသည်။ ဗြိတိသျှတို့သည် ၁၈၈၅ ခုနှစ်တွင် မြန်မာနိုင်ငံကို သိမ်းပိုက်ခဲ့သဖြင့် နှစ်ပေါင်း ၁၃၃နှစ် ရှည်ကြာခဲ့သည့် ကုန်းဘောင်ခေတ်သည် အဆုံးသတ်ခဲ့ရပေသည်။

မင်းတုန်းမင်း နန်းတက်ချိန်တွင် ဗြိတိသျှတို့သည် မြန်မာနိုင်ငံအောက်ပိုင်းကို သိမ်းပိုက်ထားပြီးဖြစ်သဖြင့် မင်းတုန်းမင်းသည် အထက်မြန်မာနိုင်ငံကို အောက်မြန်မာနိုင်ငံကဲ့သို့ မဖြစ်စေရန် စီမံဆောင်ရွက်ခဲ့သည်။ လူငယ်များကို နိုင်ငံခြားသို့ ပညာသင်စေလွှတ်ခြင်း၊ ငွေကြေး စနစ် ပြောင်းလဲခြင်း၊ စက်ရုံများထူထောင်၍ စက်မှုနိုင်ငံ တည်ထောင်ရန် အားထုတ်ခြင်း၊ သတင်းစာထုတ်ဝေခြင်း စသည့် ပြုပြင်ပြောင်းလဲမှုများကို ပြုလုပ်ခဲ့သည်။ ထို့အတူ ဧရာဝတီမြစ်၏အဓိကကျသည့် နေရာများ၌ ခံတပ်များနှင့် ကတုတ်များကိုလည်း တည်ဆောက်ခဲ့ရာ မင်းလှခံတပ်၊ ကွေ့ချောင်းခံတပ်၊ သပြေတန်းခံတပ်၊ အစေခံခံတပ်နှင့် ဆင်ကျုံးခံတပ်တို့သည် အထင်ရှားဆုံးဖြစ်ပေသည်။

သပြေတန်း၊ ဆင်ကျုံးနှင့် အစေခံ ခံတပ်တို့သည် စစ်ကိုင်းမြို့ အနီးဝန်းကျင်တွင် တည်ရှိကြ၍ ဧရာဝတီ မြစ်ကြောင်းအတိုင်း ဆန်တက်လာလျှင် မန္တလေးမြို့သို့ မရောက်မီ စစ်ကိုင်းနှင့် အင်းဝအနီး၊ ရာဝတီမြစ်ကမ်းပေါ်တွင် ယင်းခံတပ်သုံးခုကို ဆောင့်ကျယ်တြိဂံတစ်ခု အနေအထားအတိုင်း မြင်တွေ့ကြရသည်။

အင်းဝဘက်ကမ်းတွင် ဆင်ကျုံးခံတပ်၊ စစ်ကိုင်းဘက်ကမ်းတွင် အစေခံ ခံတပ်နှင့် မန္တလေးဘက်ကမ်းတွင် သပြေတန်းခံတပ်တို့ တည်ရှိနေကြပြီး ယင်းခံတပ်များကို ကင်းဝန်မင်းကြီး ဗြိတိန်နိုင်ငံသို့ ရောက်ရှိခဲ့စဉ် အင်္ဂလိပ်ရေလက်ကြားတွင် မြင်တွေ့ခဲ့သည့် ပို့စ်မောက်မြို့ ခံတပ်များကို နမူနာယူကာ တည်ဆောက်ခဲ့သည်။

စစ်ကိုင်းမြို့၏ နောက်ခံသမိုင်း

ကုန်းဘောင်ခေတ်(ခရစ်နှစ် ၁၇၅၂-၁၈၈၅) မြို့တော်များအနက် ဇေယျာပူရ စစ်ကိုင်းမြို့ကို လွန်ခဲ့သော ၇၀၅ နှစ်၊ ခရစ်နှစ် ၁၃၁၅ ခုနှစ်တွင် အသင်္ခယာစောယွမ်းက တည်ထောင်ခဲ့သည်။

စစ်ကိုင်းမြို့သည် မြန်မာနိုင်ငံအထက်ပိုင်း အမရပူရ နှင့် အင်းဝမြို့ အနီး ဧရာဝတီမြစ် အနောက်ဘက်ကမ်းတွင် မင်းဝံတောင်တန်း၏အောက်ခြေ၌ တည်ရှိသည်။ ဧရာဝတီမြစ်သည် စစ်ကိုင်းမြို့၏ အရှေ့ဘက်တွင် မြောက်ဘက်မှ တောင်ဘက်သို့ စီးဆင်းလာပြီး မြို့၏တောင်ဘက်တွင် အနောက်ဘက်သို့ ချိုးကွေ့သွားသဖြင့် စစ်ကိုင်းမြို့ကို ပွေ့ပိုက်ထားသည့်နှယ် ဖြစ်နေသည်။

ဦးဖေမောင်တင်နှင့် ဂျေအက်စ်ဖာနီဗယ် တည်းဖြတ်သည့် ဇမ္ဗူ့ဒီပဥဆောင်းကျမ်းတွင် "စစ်ကိုင်းနယ်ကား အရှေ့ကိုလားသော် ဧရာဝတီ၊ တောင်ကိုလားသော် ဧရာဝတီ၊ အနောက်ကိုလားသော် ဆောက်တော့အင်းထွက်ချောင်း၊ မြောက်ကိုလားသော် မန်ကျည်းစည်" ဟု စစ်ကိုင်း မြို့၏ အကျယ်အဝန်းကို ဖော်ပြခဲ့သည်။

သာသနာသက္ကရာဇ် ၄ဝ ပြည့်နှစ်၌ တကောင်းဘုရင် သတိုးမဟာရာဇာ၏ မိဖုရားသည် မျက်မမြင်သားတော် နှစ်ပါးဖြစ်သည့် မဟာသမ္ဘဝနှင့် စူဠသမ္ဘဝ အမြွှာညီနောင်တို့ကို ဖွားမြင်ခဲ့ကြောင်း၊ ဖခင်ဘုရင်က မျက်မမြင် သားနှစ်ယောက်တို့အား သတ်ခိုင်းသော်လည်း မိဖုရားကြီးက မသတ်ဘဲ အသက် ၁၉ နှစ်အရွယ်အထိ ဝှက်ထားခဲ့ပြီးမှ ဖောင်တစ်ဖောင်ပေါ်တင်ကာ ရောတီမြစ်ကြောင်းအတိုင်း မျှောခဲ့ကြောင်း၊ မျက်မမြင်ညီနောင်တို့ စီးနင်းလာသည့် ဖောင်သည် စစ်ကိုင်းအရပ်သို့ရောက်ချိန်တွင် စစ်ပင်ကြီးတစ်ပင်၏ အကိုင်းနှင့် ချိတ်မိခဲ့ကြောင်း၊ ထိုအချိန်မှစ၍ ကိုင်းနေသော စစ်ပင်ကြီးရှိနေသည့် အရပ်သည် စစ်ကိုင်းဟု အမည်တွင်ခဲ့ကြောင်း မြန်မာရာဇဝင်များက ဖော်ပြသည်။

မင်းညီနောင် သုံးပါးအနက် အငယ်ဆုံးဖြစ်သော တစ်စီးရှင် သီဟသူ၏သား စောယွမ်းသည် သက္ကရာဇ် ၆၇၇ ခုနှစ်တွင် စစ်ကိုင်းမြို့ကိုတည်၍ သီရိအသင်္ခယာဘွဲ့ကို ခံယူပြီး မြောက်ဘက်တစ်လွှားကို အုပ်ချုပ်ခဲ့သည်။ ထို့ကြောင့် စစ်ကိုင်းမြို့တည်နှစ်ကို "သားတိုးတိုင်း၊ စစ်ကိုင်းတည်"ဟုလည်းကောင်း၊ “သံတံတိုင်း၊ စစ်ကိုင်းတည်"ဟု လည်းကောင်း၊ "သောင်တော်ထွန်း၊ စောယွန်း စစ်ကိုင်းတည်"ဟုလည်းကောင်း မှတ်သားခဲ့ကြသည်။
မြန်မာရာဇဝင်ကျမ်းများတွင် အသင်္ခယာစောယွမ်း၏ အိမ်နိမ့်စံနှစ်ကို ဖော်ပြရာတွင် ကွဲပြားမှုများရှိခဲ့သော်လည်း အထင်ရှားဆုံး မြန်မာရာဇဝင်ကျမ်းများ ဖြစ်ကြသည့် ဦးကုလား မဟာရာဇဝင်၊ တွင်းသင်း မဟာရာဇဝင်သစ်၊ မှန်နန်းရာဇဝင်နှင့် ဇာတာတော်ပုံ ရာဇဝင်ကျမ်းတို့တွင် နန်းစံနှစ် ရှစ်နှစ်ဟု ဖော်ပြခဲ့ကြသည်။
စစ်ကိုင်း၌ အသင်္ခရာစောယွမ်းက ရှစ်နှစ်၊ နောင်တော် တရာ့ဖျားက ၁၄ နှစ်၊ တရာ့ဖျား၏သား ရွှေတောင်တက်က သုံးနှစ်၊ အသင်္ခယာစောယွမ်း၏သား ကျော်စွာက ၁၀ နှစ်၊ ညီတော် ဆင်ဖြူရှင် နော်ရထာမင်းရဲက ခုနစ်လ၊ ညီတော် ဆင်ဖြူရှင် တရဖျားငယ်က သုံးနှစ်နှင့် မင်းပြောက်က ၁၃ နှစ် အုပ်စိုးခဲ့သဖြင့် မင်းဆက် ခုနစ်ဆက်၊ မြို့သက် နှစ် ၅၀ ကျော် ဖြစ်သည်။

ကုန်းဘောင်ခေတ်တွင် ဘကြီးတော် စစ်ကိုင်းမင်းသည် စစ်ကိုင်းတွင် နန်းစိုက်ခဲ့၍ နန်းမြို့တော်ကို အောင်ချာပူရ၊ ရွှေနန်းတော်ကို မြနန်းအောင်ချာ ဟု ကမ္ပည်းတပ်ခဲ့သည်။ 

သပြေတန်းခံတပ်

စစ်ကိုင်းမြို့၏ အနီးဝန်းကျင်ရှိ ခံတပ်များအနက် အထင်ရှားဆုံးဖြစ်သည့် သပြေတန်းခံတပ်ကို စစ်ကိုင်းတံတားဟောင်း၏ အရှေ့ဘက်တွင် မြန်မာသက္ကရာဇ် ၁၂၃၆ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက် (၁၈၇၄ခုနှစ် ဒီဇင်ဘာ ၃ ရက်) ကြာသပတေးနေ့တွင် စတင် တည်ဆောက်၍ သီပေါမင်းလက်ထက် ၁၂၄၀ ပြည့်နှစ် ပြာသိုလဆန်း ၁၀ ရက် (၁၈၇၉ခုနှစ် ဇန်နဝါရီလ ၁ ရက်) ဗုဒ္ဓဟူးနေ့တွင် ပြီးစီးခဲ့သည်။ ခံတပ်ကိုခံတပ်တော်ကြီးဟု အမည်ပေးခဲ့သော်လည်း သပြေတန်းကျေးရွာအနီးတွင် တည်ရှိသဖြင့် သပြေတန်းခံတပ်ဟု ပိုမိုထင်ရှားခဲ့သည်။ ထို့အတူ ရွှေကြက်ယက်တောင်ကုန်းကို အစွဲပြု၍ ရွှေကြက်ယက်ခံတပ်ဟုလည်း ခေါ်ဆိုကြသည်။ သပြေတန်းခံတပ်ကို တည်ဆောက်ရာတွင် ကသည်းမြင်းဝန်၊ ဒိုင်းဝန် နှင့် အီတလီလူမျိုး ကွန်မိုတိုတို့က ဦးဆောင်ခဲ့သည်။

သပြေတန်းခံတပ်သည် အရှေ့ဘက်တွင် ပေ ၄၀၀၊ ၊ အနောက်ဘက်တွင် ၁၀၈ ပေ၊ တောင်ဘက်တွင် ၃၆၂ ပေနှင့် မြောက်ဘက်တွင် ၄၉၂ ပေ ရှည်လျား၍ အတွင်းဆင်ခြေလျှော အုတ်လမ်းများကို ထည့်သွင်းတည်ဆောက်ခဲ့သည်။ ခံတပ်အတွင်းသို့ဆင်းရန် ထောင့်လေးထောင့်တွင် လှေကားများ တပ်ဆင်ထားကာ ခံတပ်အတွင်း၌ ကိုးပေ မြင့်၍ ခြောက်ပေ ကျယ်သော လိုဏ် ၁၁ ခု ပါရှိသည်။ ထို့အတူ တပ်မှူးအခန်းနှစ်ခန်း တပ်သား အခန်း ၁၀ ခန်း၊ လက်နက်တိုက် လေးခုနှင့် ရိက္ခာသိုလှောင်ခန်း သုံးခန်း ရှိကာ ခံတပ်အတွင်း၌ ရေတွင်းတစ်ခုလည်း ရှိသည်။

သပြေတန်းခံတပ်၏ အောက်ဆုံးအုတ်ခုံသည် သုံးပေခန့်မြင့်ပြီး မြောက်နှင့် အနောက်ဘက်တွင် အုတ်လက်နက်တိုက်များ ရှိသည်။ အရှေ့ဘက်နှင့် တောင်ဘက်သည် အောက်ခံအုတ်ဖိနပ်အပါအဝင် သုံးထပ်ရှိ၍ ခံတပ်အပြင်ဘက် အုတ်ဖိနပ်သည် သုံးပေမြင့်သည်။ ခံတပ်ရိုးသည် ၁၀ ပေမြင့်၍ ဆင်ခြေလျှောအနံသည် ပေ ၂၀ ရှိကာ ခံတပ်၏အောက် လေးပေအကွာ ခံတပ်ပတ်လည်၌ ၂၅ပေ ကျယ်သော သူရဲပြေးစင်္ကြံ ထည့်သွင်းထားသည်။ ဒုတိယခံတပ်ရိုးသည် ပေ ၂ဝ မြင့်၍ ဆင်ခြေလျှာသည် ပေ ၂၀ ကျယ်ကာ အတွင်းဘက်မျက်နှာ ဆင်ခြေလျှောတွင် လေးပေအမြင့် အုတ်ကတုတ်နှင့် ပေ ၂၀ ကျယ်သည့် အုတ်စီသူရဲပြေးစင်္ကြံတစ်ခုရှိသည်။ ဒုတိယစကြံအောက်၌ လက်နက်တိုက်များထားရှိပြီး အတွင်းဘက်တစ်လျှောက် လေးပေမြင့်သော အုတ်ကတုတ်ဖြင့် ကာရံထားသည်။

ခံတပ်၏ ရှေ့ဘက်ဝင်ပေါက်မှ ပေ ၅၀ အကွာတွင် အရှည် ပေ ၈၀၊ အကျယ် ပေ ၅၀၊ အမြင့် ၁၈ပေ ရှိသော မြေတံတိုင်းတစ်ခုရှိပြီး ဝင်ပေါက်အပေါ်တွင် ငါးပေကျယ်သည့် ပေါင်းကူးတံတားတစ်ခုရှိသည်။ သပြေတန်းခံတပ်သည် ရတနာပုံနေပြည်တော်နှင့် အနီးဆုံးနေရာ၌ တည်ရှိသဖြင့် အထူးခိုင်ခံ့စွာ တည်ဆောက်ခဲ့သည်။
တတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲတွင် မဟာမင်းခေါင် သူရိန်၊ နေမျိုးစည်သူကျော်ခေါင်၊ အရှေ့ဝင်းတော်မှူး၊ ရတနာသိင်္ဃမြို့ဝန် ရဲဘက်မြင်းဝန်သတိုးမင်းကြီး မဟာမင်းခေါင်ရာဇာတို့ ဦးဆောင်သည့် မြန်မာစစ်သည် ၁၀၀၀ ကျော်သည် သပြေတန်းခံတပ်တွင် တပ်စွဲလျက် ဧရာဝတီ မြစ်ကြောင်းအတိုင်း ဆန်တက်လာမည့် ရန်သူများအား တိုက်ခိုက်ရန် စောင့်ဆိုင်းခဲ့ကြသည်။

သို့သော် အင်္ဂလိပ်တို့နှင့် စစ်ပြေငြိမ်းရန် ကြိုးစားအားထုတ်ခဲ့သော ကင်းဝန်မင်းကြီး၏ အမိန့်အရ မြန်မာစစ်သည်များက ပြန်လည်ခုခံခွင့် မရရှိခဲ့ဘဲ ဗြိတိသျှတပ်များသည် သပြေတန်းခံတပ်ကို သက္ကရာဇ် ၁၂၄၇ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၆ ရက် (၁၈၈၅ ခုနှစ် နိုဝင် ဘာလ ၂၇ရက်)တွင် အလွယ်တကူ သိမ်းပိုက်ခဲ့သည်။ 

အစေခံ ခံတပ် 

မင်းတုန်းမင်းသည် စစ်ကိုင်းဘက်ကမ်းရှိ အစေခံခံတပ်ကို ၁၈၇၉ ခုနှစ်တွင် ဒိုင်းဝန်မင်းနှင့် ကသည်းဝန်မင်းတို့က ကြီးကြပ်၍ အီတလီရေတပ်မှ ကွန်မိုဒိုပဲရီ၊ မိုလီနာ နှင့် မြန်မာအင်ဂျင်နီယာများကို တည်ဆောက်စေခဲ့သည်။ ခံတပ်ပြီးစီးချိန်တွင် ဗိုလ်ကြယ်နှင့် စစ်သား၅၀က ခံတပ်ကို စောင့်ကြပ်ခဲ့ကြသည်။ ခံတပ်နေရာသည် စစ်ကိုင်းမြို့မှ လှေထိုးသားများ နေထိုင်ရာ အစေခံအရပ် ဖြစ်သောကြောင့် အစေခံခံတပ် ဟူ၍ အမည်တွင်ခဲ့သည်။
အစေခံခံတပ်သည် စက်ဝိုင်းခြမ်းပုံဖြစ်ပြီး မျဉ်းဖြောင့်ဘက်ခြမ်းသည် စစ်ကိုင်းမြို့သို့ မျက်နှာမူ၍ စက်ဝိုင်းခုံး အခြမ်းက ဧရာဝတီမြစ်ကို မျက်နှာပြုထားသည်။ ခံတပ်မျက်နှာစာ အရှေ့ရှိ လမ်းမသည် ခံတပ်မှ အထက်သို့ ငါးပေ မြင့်သဖြင့် ခံတပ်သည် လမ်း၏အောက်၌ ရှိနေသည်။

စစ်ကိုင်းမြို့ဘက်သို့ မျက်နှာမူနေသည့် မျဉ်းဖြောင့်ဘက်အခြမ်းတွင် အမြင့် ရှစ်ပေ၊ ထုနှစ်ပေ ရှိသည့် အုတ်တံတိုင်းတစ်ခုကို ကာရံထားပြီး ဧရာဝတီမြစ်ဘက်ကို လှည့်ထားသည့် စက်ဝိုင်းခုံးပုံနေရာ၌ ပေ၃၀နီးပါးထူသည့် မြေနှင့် အုတ်နံရံကြီး ရှိသည်။ ထုထည်ကြီးမားသော မြေသားနံရံပေါ်တွင် ဧရာဝတီမြစ်တစ်လျှောက် ဆန်တက်လာမည့် ရန်သူ့သင်္ဘောများကို အသင့်ချိန်ရွယ်ခဲ့သော အမြောက်လေးခုကို ထားရှိခဲ့သည်။

အစေခံခံတပ်၏ မျက်နှာစာဝင်ပေါက် တစ်ဖက်တစ်ချက်တွင် အမြောက်ငယ်တစ်လုံးစီရှိပြီး ခံတပ် အဝင်လမ်း၏ တစ်ဖက်တစ်ချက်၌ "အစေခံ ခံတပ်" ကျောက်စာတစ်ချပ် နှင့်ခံတပ်သမိုင်းကြောင်း မှတ်တမ်းကျောက်စာကို စိုက်ထူထားသည်။ အစေခံခံတပ်သည် တောင်မြောက် ပေ ၂၄၀ နှင့် အရှေ့အနောက် ပေ ၂၀ ရှိကြောင်း ကျောက်စာတွင် ဖော်ပြထားသည်။ ခံတပ်အတွင်းပိုင်း၏ တောင်ဘက်နှင့် မြောက်ဘက်တွင် ရှိသည့် လေးထောင့်ပုံစံ အုတ်တိုက်နှစ်ခုသည် လက်နက်နှင့်ရိက္ခာများ ထားသိုရာနေရာ ဖြစ်နိုင်သကဲ့သို့ စစ်သည်တော်များ အကာအကွယ်ယူသော နေရာလည်း ဖြစ်နိုင်ကြောင်း ယူဆကြသည်။ ထိုအုတ်တိုက်များသည် တစ်ခုနှင့်တစ်ခု ဖွဲ့စည်းထားပုံ မတူညီကြဘဲ တောင်ဘက်အုတ်တိုက်တွင် ဝဲယာနှစ်ဘက်၌ အခန်းတစ်ခန်းစီ ပါရှိပြီး မြောက်ဘက်အုတ်တိုက်တွင် အလယ်တည့်တည့်၌ ဝင်ပေါက်တစ်ပေါက်ဖောက်ထားသော လေးထောင့်စပ်စပ် အုတ်တိုက်ငယ်တစ်ခု ပါရှိသည်။

တတိယအင်္ဂလိပ်-မြန်မာစစ်ပွဲတွင် ပင်းမြို့စားမင်းကြီး မင်းခေါင်မဟာမင်းကျော်သူရိန် ခေါင်းဆောင်သည့် ရဲမက် ၂၇၂၆ ဦးက အစေခံခံတပ်တွင် တပ်စွဲကြီးကြပ်ခဲ့ကြသည်။ သို့သော် မြန်မာလွှတ်တော်မှ ပေးပို့သည့် မတိုက်ရဟူသော အမိန့်ကြောင့် ၁၂၄၇ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၅ ရက် (၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်)တွင် ဂျင်နရယ်ဝှိုက် ဦးစီးသည့် ဟမ်းရှိုင်းယားစစ်တပ်က အစေခံ ခံတပ်ကို သိမ်းပိုက်ခဲ့သည်။

အစေခံခံတပ်၏ မြောက်ဘက်နံရံရှိ တံခါးပေါက်မှ အပြင်ဘက်သို့ ထွက်လိုက်လျှင် အုတ်တံတိုင်းငယ်တစ်ခု ကာရံထားသော အုတ်ဂူသုံးလုံးကို မြင်တွေ့ရမည်ဖြစ်သည်။ ယင်းဂူသုံးလုံးတွင် သေဆုံးသူများ၏ အမည်များကို ရေးထိုးထားပြီး ဂူတစ်လုံးတွင် ၁၈၈၅ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်တွင် တိုက်ပွဲကျဆုံးသည်ဟုလည်းကောင်း အခြားဂူတစ်လုံးတွင် ၁၈၈၆ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်တွင် ကျဆုံးသည်ဟုလည်းကောင်း၊ တတိယဂူတွင် ၁၈၈၆ ခုနှစ် ဇန်နဝါရီလ ၉ ရက်တွင် တာဝန်ထမ်းဆောင်စဉ် ကျဆုံးသည်ဟုလည်းကောင်း အင်္ဂလိပ်ဘာသာဖြင့် ရေးထိုးထားသည်။ အဆိုပါရက်စွဲများသည် သီပေါမင်းပါတော်မူပြီး တစ်လနီးပါးအကြား ဖြစ်သည်။
သီပေါမင်း ပါတော်မူပြီးစတွင် ကနောင်မင်းသား၏ သားတော် ကျွန်းညွန့်မင်းသားခေါင်းဆောင်သည့် မျိုးချစ်မြန်မာတပ်သားများသည် စစ်ကိုင်း အစေခံခံတပ်နီးတွင် အင်္ဂလိပ်တို့ကို တိုက်ခိုက်ခဲ့ကြသည်။ အုတ်ဂူတွင် ရေးထိုးထားသော ရက်စွဲများသည် သီပေါမင်း ပါတော်မူပြီးစအချိန် ဖြစ်သောကြောင့် အုတ်ဂူအတွင်း မြှုပ်နှံထားသူများသည် ကျွန်းညွန့်မင်းသား ဦးဆောင်သည့် မြန်မာမျိုးချစ်တို့၏ လက်ချက်ဖြင့် ကျဆုံးသွားရသူများဖြစ်နိုင်ကြောင်း ယူဆကြသည်။ 

ဆင်ကျုံး ခံတပ်

အင်းဝမြို့ဟောင်း၏ အနောက်ဘက်တွင် တစ်ချိန်က ဆင်ကျုံးများရှိခဲ့သည့် ဆင်ကျုံးရွာအနီး ဧရာဝတီမြစ်ကမ်း နဖူး၌ စတုရန်းပုံ ဆင်ကျုံးခံတပ်ကို ခရစ်နှစ် ၁၈၇၄ ခုနှစ် တွင် တည်ဆောက်ခဲ့သည်။

အုတ်တံတိုင်းသုံးထပ် ကာရံဖွဲ့စည်းထားသည့် ဆင်ကျုံးခံတပ်၏ အပြင်တံတိုင်းသည် ၃၅၅ ပေပတ်လည်၊ အလယ်တံတိုင်းသည် ၂၉၃ ပေပတ်လည်နှင့် အတွင်းတံတိုင်းသည် ပေ၂၀၀ ပတ်လည်ရှိသည်။ တံတိုင်းနှစ်ခုအကြားတွင် ၃၁ ပေကျယ်သော ရေကျုံးရှိကာ အရှေ့ဘက်တွင် ကျုံးကူး တံတားတစ်စင်းကို ပြုလုပ်ထားသည်။

ခံတပ်၏ ဝင်ပေါက်အဝတွင် ၈၃ ပေရှည်၍ လေးပေထူသော အုတ်တံတိုင်းကြီးကို အရှေ့မှ အနောက်သို့ ကာရံထားပြီး အတွင်းတံတိုင်း၏ အပြင်ဘက်ကို မြေကြီးများ ဖြည့်တင်း၍ ကတုတ်အဖြစ် အကာအကွယ်ပြုထားသည်။ ခံတပ်၏မြောက်ပိုင်းတွင် ရှေ့နောက်တန်းနေသည့် အခန်းနှစ်ခန်းရှိပြီး အပေါ်တွင် လှေကားထစ်များ ပြုလုပ်ထားသည်။ ခံတပ်မြောက်ဘက် အတွင်းပိုင်းတွင် သူရဲပြေးပေါ်၌ ဆုံလည်အမြောက်များ၊ စိန်ပြောင်းများ၊ သေနတ်များ ထားရှိသည့် စက်ဝိုင်းပုံ အုတ်စီအပိုင်းပေါက်များ ရှိသည်။ ခံတပ်အတွင်း၌ လက်နက်တိုက်နှင့် ယမ်းတိုက်များ တည်ဆောက်ခဲ့သည်။

တြိဂံပုံရှိနေသည့် ခံတပ်သုံးခုအနက် ဆင်ကျုံးခံတပ်သည် ထောင့်ကျယ်တြိဂံ၏အစနေရာတွင် တည်ရှိနေပြီး ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာပါက အစေခံခံတပ်နှင့် သပြေတန်းခံတပ်သို့ မရောက်မီ ဆင်ကျုံးခံတပ်ကို ဦးစွာ မြင်ကြရသည်။

ဆင်ကျုံးခံတပ်ကို ယဉ်ကျေးမှုဝန်ကြီးဌာနက ၁၉၅၇ ခုနှစ်တွင် ထိန်းသိမ်းခဲ့ကာ အင်းဝဒေသရှိ ရှေးဟောင်း အဆောက်အအုံတစ်ခုအဖြစ် ပြုပြင်စောင့်ရှောက်ထားသည်။ ဆင်ကျုံးခံတပ်၏ မျက်နှာစာတွင် ခံတပ်သမိုင်းကို ရေးသားထားသည့် ကျောက်စာနှစ်ချပ်ကို စိုက်ထူထားရာ တစ်ခုကို မြန်မာဘာသာဖြင့် ရေးထိုးထားပြီး ကျန်တစ်ခုကို အင်္ဂလိပ်ဘာသာဖြင့် ရေးထိုးထားသည်။ ယင်းကျောက်စာတွင် “မြန်မာသက္ကရာဇ် ၁၂၃၆ ခုနှစ် မင်းတုန်းမင်းကြီး လက်ထက်တွင် ကင်းဝန်မင်းကြီးဦးကောင်း၊ ယောမင်းကြီး ဦးဘိုးလှိုင်တို့၏ စီမံမှုဖြင့် အီတလီလူမျိုး ကွန်မိုတိုက ဦးဆောင်ကြီးကြပ်၍ ဆောက်လုပ်ခဲ့သည်။ ဧရာဝတီမြစ်ကြောင်းမှ ဆန်တက်လာမည့် နယ်ချဲ့တို့အား ခုခံတိုက်ခိုက်ရန် ရတနာပုံ နေပြည်တော်အနီး အင်းဝတွင် ဆင်ကျုံးခံတပ်၊ စစ်ကိုင်းတွင် အစေခံခံတပ်၊ အမရပူရတွင် သပြေတန်းခံတပ် ဟူ၍ သုံးပွင့်ဆိုင်တည်ဆောက်ခဲ့သော ခံစစ်စခန်းဖြစ်သည်” ဟု ဖတ်ရှုကြရပေသည်။

သပြေတန်းခံတပ်နှင့် အစေခံခံတပ်သည် တစ်မိုင် လေးဖာလုံ ကွာဝေး၍ အစေခံခံတပ်နှင့် ဆင်ကျုံးခံတပ်သည် တစ်မိုင် သုံးဖာလုံ ကွာဝေးသည်။ ဧရာဝတီမြစ်ကို ဆန်တက်လာမည့် ရန်သူသင်္ဘောများကို ခံတပ် သုံးဖက် သုံးတန်မှ ညှပ်၍ တိုက်ခိုက်ရန် ရည်ရွယ်ခဲ့ဟန်ရှိပေသည်။

စစ်ကိုင်းမြို့ ပတ်ဝန်းကျင်ရှိ ခံတပ်သုံးခုသည် သမိုင်းသုတေသီ ဒေါ်ကြန်ဆိုခဲ့သည့်အတိုင်း ကုန်းဘောင်ခေတ် နိဂုံးမချုပ်မီ နောက်ဆုံးအားမာန်အဖြစ် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ မဆုံးရှုံးစေရန် ကြိုးပမ်းခဲ့သည့် သမိုင်းအထောက်အထားများအဖြစ် ယနေ့တိုင် ထင်ရှားစွာ တည်ရှိနေပေသည်။   ။ 

ကိုးကား
(၁) မြန်မာ့စွယ်စုံကျမ်း အတွဲ(၉) 
(၂) ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီး (ဦးမောင်မောင်တင်)