ထွန်းသစ်စ

ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ဖြစ်ပွားနေတဲ့အတွက် အဲဒီလိုကူးစက်ဖြစ်ပွားမှုက များပြားလှစွာသော  နိုင်ငံအသီးသီးမှာရှိတဲ့ ကုမ္ပဏီတွေကို အလုပ်အကိုင် ပုံစံပြောင်းလဲမှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။ များသောအားဖြင့် အလုပ်သမားတွေ၊ ဝန်ထမ်းတွေဟာ ရုံးတက်စရာမလိုတော့ဘဲ အိမ်ကနေအလုပ်လုပ်ကိုင်တဲ့ ပုံစံတွေကို ပြောင်းလဲကျင့်သုံးလာကြပါတယ်။ အဲဒီလို ပြောင်းလဲ ကျင့်သုံးလာတဲ့  နိုင်ငံတွေထဲမှာ  ဂျပန်နိုင်ငံ လည်း ပါဝင်လာပါတယ်။

 

အလုပ်အကိုင်ပုံစံတွေ ပြောင်းလဲလာ

ကမ္ဘာ့နိုင်ငံအသီးသီးမှာ   အစိုးရတွေကလည်း ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်တဲ့အနေနဲ့ လူမှု ဝေးကွာနေထိုင်မှုပုံစံတွေနဲ့  အသွားအလာကန့်သတ် ပိတ်ဆို့မှုတွေကို  ချမှတ်ကျင့်သုံးလာခဲ့သလို  လက်ကို ဆပ်ပြာနဲ့ရေသုံးပြီး မကြာခဏဆေးဖို့နဲ့ ရေအလွယ် တကူမရတဲ့နေရာတွေမှာ အရက်ပြန် ကန့်သတ်ပမာဏပါဝင်တဲ့ လက်သန့်ဆေးရည်တွေကို အသုံးပြုဖို့၊ နှာခေါင်းစည်းတွေကိုလည်း အပြင်ထွက်တိုင်း အသုံးပြုဖို့၊ မလိုအပ်ဘဲ အပြင်မထွက်ကြဖို့၊ အိမ်မှာပဲနေဖို့ကိုလည်း တိုက်တွန်း ထားပါတယ်။ ကိုဗစ်-၁၉ ဖြစ်ပွားနေတဲ့အချိန် မှာ လူတွေရဲ့  နေ့စဉ်ဘ၀နေထိုင်မှုတွေ ပြောင်းလဲလာ သလိုပဲ ဒီလိုအခြေအနေမှာ အလုပ်အကိုင်ပုံစံတွေလည်း လိုက်ပါပြောင်းလဲလာတာ ဖြစ်ပါတယ်။

 

အိမ်မှာအလုပ်လုပ်ဖို့ခွင့်ပြု

အခုလိုမျိုး ပြောင်းလဲလာတဲ့    နေ့စဉ်ဘ၀နေထိုင်မှု အခြေအနေကို  အလိုက်သင့်ချိန်ညှိရင်း    စီးပွားရေး လုပ်ငန်းကိုလည်း ရပ်တန့်မသွားအောင် လုပ်ဆောင်တဲ့ နေရာမှာ ဂျပန်နိုင်ငံမှာရှိတဲ့ နာမည်ကြီး မုန့်လုပ်ငန်း တစ်ခုဖြစ်တဲ့ ကယ်လ်ဘီလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ကယ်လ်ဘီဟာ ဇွန်လမှာ အလုပ်သမားပြောင်းရွှေ့ မှုတွေကို ရပ်တန့်ဖို့ ဆုံးဖြတ်လိုက်ပြီး တိုကျိုဌာနချုပ်နဲ့ သက်ဆိုင်ရာ  ခရိုင်နဲ့ပြည်နယ်အရောင်းဌာနခွဲတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ အလုပ်သမား ၈၀၀ လောက် ကို မိသားစုတွေရှိတဲ့အိမ်ကိုပြန်ဖို့ ခွင့်ပြုလိုက်သလို ကုမ္ပဏီရဲ့ စီးပွားရေးကို မထိခိုက်သရွေ့ အိမ်မှာပဲနေပြီး အလုပ်လုပ်ဖို့ ခွင့်ပြုလိုက်ပါတယ်။

 

အဆင့်မြှင့်တင်ပြောင်းလဲ

ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့်  အလုပ်သမား တွေကို မတ်လနှောင်းပိုင်းကတည်းက အခုလို အိမ်မှာနေပြီးအလုပ်လုပ်ခိုင်းလိုက်တာ ဖြစ်ပါတယ်။ ကယ်လ်ဘီဟာ အခုလိုမျိုးအိမ်ကနေပြီး အလုပ်လုပ်ကိုင်တဲ့စနစ်ကို ရှေ့မဆွကတည်းကပင် ကြိုတင်လုပ်ကိုင်ခဲ့တာ ဖြစ်ပါ တယ်။ အခုလိုမျိုး ကိုဗစ်- ၁၉ ရောဂါ  ရိုက်ခတ်လာတဲ့ အခါမှာတော့ ကယ်လ်ဘီဟာ သူ့ရဲ့ အလုပ်အကိုင်စနစ်ကို လုံး၀အဆင့်မြှင့်တင်ပြောင်းလဲလိုက်တာ ဖြစ်ပါတယ်။

 

အလုပ်အကိုင်အတွက် အိမ်နဲ့ခွဲနေရတာဟာ ဂျပန် နိုင်ငံရဲ့ အလေ့အထတစ်ခုလိုဖြစ်နေပါတယ်။ အလုပ် သမားတွေ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရတဲ့အခါမှာ မိသားစုတွေမပါဘဲ သူတို့ချည်းသာ ပြောင်းရွှေ့ တာဝန် ထမ်းဆောင်ရတာ များပါတယ်။

 

ကယ်လ်ဘီရဲ့ ပြောရေးဆိုခွင့်ရှိသူ မာကူအူချီက အလုပ် လုပ်ကိုင်တဲ့နည်းလမ်းအသစ်ကို ပြောင်းလဲ အသုံးပြုလိုက် တဲ့အခါမှာ အလုပ်သမားတွေကို အလုပ်တာဝန်ထမ်းဆောင် မယ့်နေရာအတွက် ကန့်သတ်ပေးစရာမလိုတော့ဘူးလို့ ပြောကြားလိုက်ပါတယ်။ မိမိတို့ဟာ မိမိတို့ရဲ့အလုပ်သမား တွေကို သူတို့ရဲ့ မိသားစုနဲ့ခွဲခွာပြီး သက်သောင့်သက်သာနဲ့ အဆင်မပြေဖြစ်နေတဲ့  နေထိုင်မှုပုံစံမျိုးကနေ   လွတ်လပ်စွာ နေထိုင်ခွင့်ပေးထားပါတယ်လို့ ပြောပါတယ်။

 

နည်းလမ်းသစ်တစ်ခုတွေ့ရှိ

နောက်ထပ်အစားအစာထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခု ဖြစ်တဲ့ ကီပီးဟာ သူ့ရဲ့ဝန်ထမ်းတွေ  အဝေးမှာနေပြီး အလုပ်လုပ်နေရင်းနဲ့ နည်းလမ်းသစ်တစ်ခုကို တွေ့ရှိခဲ့ပါတယ်။ အဲဒါကတော့ လက်ဆင့်ကမ်း ချက်ပြုတ်နည်းပဲဖြစ် ပါတယ်။ အလုပ်သမားတစ်ယောက်ဟာ ကုမ္ပဏီရဲ့ထုတ်ကုန် တွေကို အသုံးပြုပြီး ချက်ပြုတ်နည်းတစ်ခုကို စဉ်းစားမိပါက သူ့အနေနဲ့ အဲဒါကို သူ့လုပ်ဖော်ကိုင်ဖက်နှစ်ဦးကို ပေးပို့ပေး ရမှာဖြစ်ပါတယ်။ အဲဒီအချက်အလက်တွေကို လက်ခံရရှိတဲ့ လုပ်ဖော်ကိုင်ဖက်တွေက  တခြားကောင်းမွန်တဲ့ ကိုယ်ပိုင်အတွေးအမြင်သစ်တွေ ထပ်မံပေါင်းထည့်ပြီး တခြား လုပ်ဖော်ကိုင်ဖက် တွေကို သုံးရက်အတွင်း အဲဒါကိုပြန်ပြီး လက်ဆင့်ကမ်းပေးရတာပဲ ဖြစ်ပါတယ်။

 

အဲဒီလိုအတွေးအခေါ် အယူအဆသစ်ကိုတော့ တိုကျိုမှာရှိတဲ့ ငယ်ရွယ်တဲ့အလုပ်သမားတွေက စဉ်းစားတီထွင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီစိတ်ကူးဟာ အဆင့်မြင့်မန်နေဂျာတွေ  ပါဝင်လာတဲ့   ဌာနဆိုင်ရာ   လုပ်ငန်းအစီအစဉ်တစ်ခု ဖြစ်လာပြီးနောက်ဆုံးမှာ နိုင်ငံတစ်ဝန်းမှာရှိတဲ့  တခြားရုံးတွေကို ရောက်ရှိသွား ပါတော့တယ်။  အဲဒီလို အတွေးအမြင်သစ်တွေ  စိတ်ကူးစိတ်သန်းကောင်းတွေဟာ ထုတ်ကုန်သစ်တွေကို တိုးတက်ထုတ်လုပ်မှုဖြစ်စေတယ်လို့  ကီပီးက  ပြောပါတယ်။

 

ပိုပြီးအာရုံစိုက်နိုင်မယ်

ပြောရေးဆိုခွင့်ရှိသူ မူရေးအိုင်ယာကိုက ဝန်ထမ်း တွေ အများကြီး မိမိတို့ကုမ္ပဏီကို ဆက်သွယ်လာကြ တယ်။ ဘာဖြစ်လို့လဲဆိုရင် သူတို့တွေဟာ အစားအစာ တွေကို စိတ်ဝင်စားလို့ဟု ပြောကြားခဲ့ပါတယ်။ သူတို့တွေဟာ အိမ်မှာစပြီးအလုပ်လုပ်တဲ့အချိန်ကတည်းက သူတို့ရဲ့ စိတ်ကူးတွေကို အစားအစာ သို့မဟုတ်  ချက်ပြုတ်တဲ့ အပေါ် ပိုပြီးတော့ အာရုံစိုက်နိုင်ပါတယ်လို့ ပြောပါတယ်။

 

အလုပ်သမားတွေ   အိမ်မှာအလုပ်လုပ်တဲ့အပေါ် ကုမ္ပဏီအားလုံးက  ပျော်ရွှင်တာတော့  မဟုတ်ပါဘူး။ အလုပ်သမား  စုဆောင်းရေးကုမ္ပဏီ အဒက်ကိုက ဧပြီလ ကတည်းက အိမ်ကနေပြီး  အလုပ်လုပ်တဲ့ စီမံခန့်ခွဲရေး ရာထူးတွေမှာအလုပ်လုပ်နေသူ ၃၀၀ လောက်ကိုစစ်တမ်း ကောက်ယူခဲ့ပါတယ်။

 

သူတို့ထဲက ၇၃ ရာခိုင်နှုန်းဟာ လက်အောက် ရာထူးတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ အလုပ်သမား တွေကို အိမ်မှာအလုပ်ဆက်လုပ်စေချင်ပါတယ်။ သို့သော်လည်း ၃၆ ဒသမ ၆ ရာခိုင်နှုန်းက  အိမ်မှာအလုပ်လုပ် တဲ့အတွက်ကြောင့် လက်အောက်ငယ်သားတွေနဲ့ ဆက်သွယ်ပြောဆို ဆောင်ရွက် နေရတဲ့  အချိန်တွေကို လျှော့ချနိုင်တယ်လို့ ဖော်ပြထားပါတယ်။

 

အိမ်မှာနေရင်းအလုပ်လုပ်ခြင်းက အောင်မြင်တဲ့အချက်

ဖော်ပြပါကုမ္ပဏီတွေရဲ့  အဓိကအချက်ကတော့ ရောင်းအားပဲဖြစ်ပါတယ်။ အဲဒီကုမ္ပဏီတွေရဲ့ ဝန်ထမ်း တွေအားလုံးဟာ အိမ်မှာအလုပ်လုပ်သူတွေ ဖြစ်ကြပါတယ်။ အဲဒီအတွက် ကုမ္ပဏီဟာ သူတို့ကို  စိတ်ဓာတ် ခွန်အားတွေပေးဖို့နည်းလမ်းတွေကိုလည်း စဉ်းစားလာ ကြပါတယ်။ ကုမ္ပဏီဟာ  ဝန်ထမ်းအချင်းချင်းစကား ပြောတဲ့ စနစ်အပေါ် စောင့်ကြည့်လျက်ရှိပြီး ကိုယ်ချင်း စာတရားရှိခြင်း သို့မဟုတ် အားပေးအားမြှောက်ပြုခြင်း စတဲ့ စကားတွေကိုလည်း ပြန်လည်ဝေမျှပေးပါတယ်။ အလုပ်လုပ်နေစဉ် အဖွဲ့ငယ်လေးများအတွင်း ပုံမှန်ဆက်သွယ်ပြောဆိုဆွေးနွေးနေခြင်းက ကုန်ထုတ်စွမ်း အား မြင့်တက်လာတာကို တွေ့ရှိခဲ့ပါတယ်။

 

နည်းပညာ အဆင့်မြင့်မားခြင်းက  မိမိတို့ကို ရုံးမှာ  အလုပ်လုပ်သလို   အိမ်မှာအလုပ်လုပ်ခြင်းကလည်း ချောမွေ့မှုဖြစ်စေတယ် လို့ ရှီရာယာမာရုံးရဲ့ အကြီးအကဲ ဖြစ်သူ ယိုရှီနိုတာကာ အိုကပြောပါတယ်။ အလုပ်သမား တွေ  သက်သောင့်သက်သာဖြစ်စေမယ့်  ပတ်ဝန်းကျင် အခြေအနေကို ဖန်တီးပေးခြင်းက အိမ်မှာနေရင်း အလုပ် လုပ်ခြင်းရဲ့   အောင်မြင်တဲ့   အချက်ဖြစ်တယ်လို့ သူက ပြောပါတယ်။       ။

ကိုးကား - အင်န်အိတ်ခ်ျကေ